ကြံ့ခိုင်သန်မာဖို့ အထူးလေ့ကျင့်ခန်းလေးတစ်ခု ကြိုးစားကြည့်ကြမလား ...
ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတစ်ခုဟာ ခန္ဓာကိုယ်မျှခြေနဲ့ ကိုယ်နေဟန်ထားကို ထိန်းညှိပေးနိုင်ပြီး ကြွက်သားတွေကို တောင့်တင်းသန်စွမ်းလာစေပါတယ်။
ဒိုက်ထိုးတဲ့ အနေအထားလို့ ခေါ်ရမယ့် လက်ထောက်ပြီး မှောက်ခုံအနေအထားနဲ့ ဗိုက်ကော ပေါင်၊ ခြေသလုံးတွေ ကြမ်းပြင်ကနေ တစ်ပြေးတည်း မ,တင်ထားတဲ့ လေ့ကျင့်ခန်း အနေအထားလေးတစ်ခု ရရှိဖို့ ကြိုးစားကြည့်ရအောင်။
1. မှောက်လျားထိုး အနေအထားနေပါ။
2. တံထောင်ဆစ်တွေကို ကွေးလိုက်ပြီး လက်ဖျံပေါ်နဲ့ လက်မောင်းပေါ်ကို အားပြုပြီး ရင်ဘတ်နဲ့ ခါးကို ကြမ်းပြင်လွတ်အောင် ကြွတက်ပါ။
3. ခြေဖျားနဲ့ ခြေချင်းဝတ်ပေါ် အားပြုပြီး ခြေသလုံးနဲ့ ကိုယ်လုံးကို ရှေ့က မ,တင်ထားတဲ့ ရင်ဘတ်နဲ့အညီ ဖြည်းဖြည်းချင်း ကြွတက်ပါ။
4. ဝမ်းဗိုက်၊ ပေါင်၊ ပခုံးတို့ဟာ တစ်ပြေးညီ အနေအထား ရရှိပါစေ။
5. အဲဒီလို 4 စက္ကန့် အနည်းငယ်ကနေ 1 မိနစ်ထိပဲ နေကြည့်ပါ။
6. ပြီးရင် ပြန်ဖြေလျှော့ပါ။
7. နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ပါ။
အစမှာ အဲဒီအနေအထားရရှိဖို့ အတော်ခက်ပေမယ့် တဖြည်းဖြည်းချင်း စက္ကန့်ကနေ မိနစ်ပိုင်းကြာကြာထိ နေနိုင်လာပါလိမ့်မယ်။ ပခုံး၊ ဝမ်းဗိုက်နဲ့ ခြေထောက်တွေကို ဖော်ပြပါပုံအတိုင်း တစ်ပြေးတည်းထားပေးမှ ရလဒ်ထူးကို ရရှိပါတယ်။
● ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေပါတယ်။
● ခြေသလုံးကြွက်သားတွေ မာလာစေပါတယ်။
● အဆီပိုနဲ့ လျော့တွဲနေတဲ့အသားတွေကို တင်းရင်းလာစေပါတယ်။
● အစပိုင်းမှာ ညောင်းပေမယ့် နောက်ပိုင်း လုပ်ပြီးတိုင်း အပူထွက် ချွေးထွက်ပြီး နေလို့ ထိုင်လို့ ကောင်းလာပါတယ်။
● သွေးလည်ပတ်မှုတွေ ကောင်းလာပြီး အာရုံစူးစိုက်အား အထူးလိုအပ်တဲ့အတွက် စိတ်ဖိစီးတာတွေ လျော့သွားပါမယ်။
● အရိုးအဆစ်တွေကို တွယ်ဆက်ထားတဲ့အရွတ်တွေကို ကြံ့ခိုင်လာစေပါတယ်။
တစ်ကိုယ်လုံးက ကြွက်သားတွေအားလုံးနီးပါး ပါဝင်အားထည့်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းမို့လို့ လုပ်နေကျ ဖြစ်လာတာနဲ့အမျှ စိတ်ရောကိုယ်ပါ အထူးပေါ့ပါး သွက်လက်သန်မာလာစေမှာ အသေအချာပါပဲ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























