/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခရစ္စမတ်အတွက်-အကောင်းဆုံး-ကျန်းမာခြင်းလက်ဆောင်လေးများ

ခရစ္စမတ်အတွက် အကောင်းဆုံး ကျန်းမာခြင်းလက်ဆောင်လေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခရစ္စမတ်မှာ ရင်ခုန်စရာလည်းကောင်း  ကျန်းမာခြင်းကိုလည်း ဆောင်ကျဉ်းပေးမယ့် လက်ဆောင်လှလှ အကောင်းစားလေးတွေ ပေးကြရအောင်လား။ ဈေးလည်းမကြီး၊ ကိုယ်တတ်နိုင်သလောက်ကနေ အစားစားရှိတာမို့ စဉ်းစဉ်းစားစားလေး ကြိုတင်ပြီး စိတ်ကူးယဉ်ထားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။

●        ပန်းပင်၊ သီးပင်၊ စားပင်စိုက်ဖို့ သစ်စေ့လေးတွေ ပန်းပင်ပေါက်၊ သီးပင်ပေါက်လေးတွေက ချစ်စရာကောင်းတဲ့ ကျန်းမာခြင်းလက်ဆောင်လေးတွေပါ။ စိမ်းစိုလန်းဆန်းတဲ့ အပင်ပေါက်လေးတွေဟာ အိမ်တွင်းအိမ်ပြင်လေထုကို အထူးကျန်းမာ သန့်ရှင်းစေပြီး သစ်စေ့လေးတွေကျတော့လည်း ခြံထဲမှာ ကြဲပက်ထားလိုက်ရုံနဲ့ အလုပ်ဖြစ်ပါတယ်နော်။ အပင်လေးတွေ သစ်စေ့လေးတွေဆိုတာ အသက်ရှိတဲ့ ဂေဟစနစ် ကယ်တင်ရှင်လေးတွေမို့ လက်ဆောင်ပေးရင်း သုခမင်္ဂလာ ဆောင်ကျဉ်းပေးကြမယ်။

●        အသီးထည့်တဲ့ ကြိမ်ခြင်းလေးတွေဟာ ချစ်စရာလည်းကောင်း လှလည်းလှ ဈေးလည်းမကြီးပါဘူး။ ခြင်းလှလှလေး တစ်ခြင်းဝယ် စဉ်းစားမိရာ အသီးလေးတွေ စီစီရီရီထည့်လို့ ဖဲကြိုးလေးချည်ချလိုက်ရင် ကျက်သရေဝေဖြာတဲ့ သစ်သီးခြင်းလက်ဆောင်လေး ရယ်ဒီပေါ့နော်။

●        သွေးပေါင်ချိန်တိုင်း ကိရိယာလေးကတော့ လူတိုင်းအတွက် အသုံးဝင်တဲ့အရာလေးပါနော်။ ကြီးကြီးငယ်ငယ် လက်ဆောင်ပေးလို့ သင့်တော်ပြီး ဈေးကွက်ထဲမှာလည်း ဝယ်ရလွယ်တာမို့ အရည်အသွေးကောင်းတာလေး ရွေးချယ်ဝယ်ယူပြီး ဘူးလှလှလေးကို လက်ဆောင်စက္ကူ ရောင်စုံလေးကပ်ပြီး ပေးလိုက်မယ်ဆိုရင်တော့ ရတဲ့သူကတော့ ပျော်နေမှာပဲ။

●        ဖန်အိုးဖန်ခွက် ဖန်ကရားလေးတွေက ကျန်းမာခြင်းလက်ဆောင်ပါနော်။ မယ်လမင်းခွက်တွေ၊ ပလတ်စတစ်ပစ္စည်းတွေမှုပါဝင်တဲ့ ဓာတုအဆိပ်ဓာတ်တွေရဲ့ အန္တရာယ်ကို သဘောပေါက်လာတဲ့အလျောက် အစားအစာထည့်သိုဖို့ ဖန်ဘူးဖန်ခွက်လေးတွေက သင့်မိတ်ဆွေအိမ်ကို ပိုမိုတောက်ပသွားစေမှာပါ။ အရည်အသွေးကောင်းတဲ့ ဖန်ဘူးလှလှလေးတွေ ဖန်ခွက်ကလေးတွေဆိုတာ ဘယ်တော့မှမရိုးနိုင်တဲ့ လက်ဆောင်ပါ။

●        ချော်မလဲစေတဲ့ ရေချိုးခန်းသုံး ဖျာလေးတွေ အဖုလေးတွေနဲ့ အခင်းလေးတွေကတော့ လူကြီးတွေအတွက်တော့ လုံခြုံရေးပစ္စည်းလေးပါပဲ။ ရေချိုးခန်းထဲမှာ ချော်မလဲအောင် ခင်းသုံးလို့ရတော့ အသေးစိတ်လေးတွေ ဂရုစိုက်တတ်သူရယ်လို့ ကျေးဇူးတင်နေမှာ သေချာပါတယ်လို့။

●        အပြေးဖိနပ်လေးတွေ ဆောင်းတွင်းလမ်းလျှောက်ဖို့ ဖိနပ်အစွပ်လေးတွေကတော့ ခရစ္စမတ်အတွက် ရှယ်ပစ္စည်းလေးတွေပါ။ ကိုယ့်လက်ဆောင်လှလှလေးက  မိမိခင်မင်ရသူကို လမ်းလျှောက်ဖို့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်ပြည့် သတိပေးသလိုဖြစ်စေတာမို့ ကျန်းမာရေး အကျိုးသက်ရောက်မှုကတော့ ရာနှုန်းပြည့်ပါပဲနော်။ ဖိနပ်ဆိုဒ်လေးတစ်ချက်မေးပြီး သင့်တော်ရာလေးကို အရောင်လှလှ မဂွမ်းတာလေး ရွေးချယ်ဝယ်ယူလိုက်ရုံပါပဲ။

          " Merry Christmas to you all ... "

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)