/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခရီးသွားခြင်းနဲ့-ဆက်စပ်နေသော-ပြဿနာများ

ခရီးသွားခြင်းနဲ့ ဆက်စပ်နေသော ပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခရီးစဉ်တစ်ခုကို စီစဉ်နေပြီဆိုပါက နောက်ဆုံးပြုလုပ်ဖို့ကတော့ ဖျားနာခြင်းမှ ကင်းေ၀းအောင်နေဖို့ပဲ ဖြစ်ပါတယ်။ ခရီးသွားစဉ် ကာလတလျှောက် ဖြစ်နိုင်တဲ့ ဖျားနာခြင်းအားလုံးကို ကာကွယ်နိုင်တာ မဟုတ်ပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အများစုကို ကုသနိုင် (သို့) ကာကွယ် တားဆီးနိုင်ပါလိမ့်မယ်။ ကမ်ဘာအနှံ့ ခရီးထွက်သည်ဖြစ်စေ၊ တောင်တက်ခရီးစဉ်ဖြစ်စေ အောက်ပါ ဖျားနာခြင်းများကို သိထားခင်းဖြင့် မိမိခရီးစဉ်တစ်လျှောက် မဖြစ်ပွားအောင် ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။

 

1. ခရီးသွားစဉ် ၀မ်းပျက်၀မ်းလျှောခြင်း

          ၀မ်းလျှောခြင်းဟာ ခရီးသွားခြင်းနဲ့ ဆက်စပ်နေသော ဖျားနာခြင်းများတွင် ဖြစ်လေ့ဖြစ်ထ အများဆုံးဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်တွေရဲ့ 20 မှ 50% ထိ ကြုံတွေ့ရတတ်ပါတယ်။ အာရှ၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့ ခရီးသွားတွေဟာ ၀မ်းလျှော၀မ်းပျက်ခြင်းကို အများဆုံး ခံစားရနိုင်ပါတယ်။ သားစိမ်း၊ ငါးစိမ်း၊ မကျက်တစ်ကျက် ချက်ထားသော အသားများ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အသီးအနှံများကို စားသုံးရာမှာ ကိုယ်တိုင် အခွံနွှာစားရသော ငှက်ပျောသီးကဲ့သို့ အသီးများဟာ ဘေးကင်းစိတ်ချရပါတယ်။ အချို့နိုင်ငံတွေမှာ ရေဘူးအလွတ်တွေကို ရေဖြည့်ပြီးရောင်းတတ်တဲ့ အလေ့အထရှိတာကြောင့် သောက်ရေသန့်ဘူး ၀ယ်မယ်ဆိုပါက ဘူးအသစ် ဟုတ်၊ မဟုတ်နဲ့ ရေသန့်တံဆိပ်တို့ကို သေချာစွာ စစ်ဆေးသင့်ပါတယ်။ အကယ်၍ ၀မ်းလျှော၀မ်းပျက်ရောဂါ ဖြစ်ပွားပြီဆိုပါက ဆရာ၀န်ထံ သွားရောက်ပြသကာ ပဋိဇီ၀ဆေးများ သောက်သုံးနိုင်ပါတယ်။

 

2. အချိန်နာရီ ကျော်လွှားပြောင်းလဲခြင်း

          အချိန်နာရီ မတူတာဟာ ခရီးသွားခြင်းဆိုင်ရာ ဖျားနာခြင်းတစ်မျိုး မဟုတ်ပေမယ့် လူကို ပင်ပန်းနုံ့ချိစေနိုင်ပါတယ်။ အချိန်သတ်မှတ်ချက် မတူညီတဲ့ နေရာအနှံ့အပြားကို ဖြတ်သန်းပြီး လေယာဉ်စီးရတဲ့အခါမှာ ခန္ဓာကိုယ်တွင်း ဇီ၀နာရီကို​ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုသို့ဖြစ်ပွားပါက နေရောင်ခြည်နှင့် ထိတွေ့လိုက်ခြင်းဖြင့် ဇီ၀နာရီကို ပုံမှန်ဖြစ်အောင် ပြန်လည်စွမ်းဆောင်နိုင်ပါတယ်။ စားချိန်နဲ့ အိပ်ချိန်တွေကိုလည်း ဒေသခံများနည်းတူ ပြောင်းလဲလိုက်ပါ။ အိပ်ဆေးများ သောက်ခြင်း၊ လေယာဉ် ဆင်းသက်ချိန်မှာ ခဏတဖြုတ် အိပ်စက်ခြင်းတွေဟာ ခဏတာ နေလို့ထိုင်လို့ ကောင်းမွန်ပေမယ့် ဒေသစံတော်ချိန် လွဲချော်မှု ထိန်းညှိခြင်းဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။

 

3. အအေးမိ၊ တုပ်ကွေး ဖျားနာခြင်း

          ခရီးသွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအား တက်လာစေဖို့ ရက်သတ္တပတ် အနည်းငယ် စောင့်ရတဲ့အတွက် ခရီးမသွားမီ ကာကွယ်ဆေး ထိုးသွားခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ခရီးသွားခြင်းကို ဖြစ်စေဖို့ရာ လက်ဆေးခြင်း အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။ အထူးသဖြင့် လူတွေ များပြားလှတဲ့ လေယာဉ် (သို့) ကားတွေ စီးရတဲ့အချိန်မှာ ပိုပြီးတော့ ဂရုပြု လုပ်ဆောင်သင့်ပါတယ်။ မတော်တဆ ခရီးသွားလာရင်း ဖျားနာတဲ့အခါ သောက်ဖို့ဆေးတွေကိုလည်း ဆောင်သွားသင့်ပါတယ်။ ပါရာစီတမောလိုဆေးမျိုး ယူဆောင်သွားခြင်းဖြင့် ဖျားနာကိုက်ခဲတဲ့အခါမှာ အသုံး၀င်မှာ ဖြစ်ပါတယ်။ ရေများများ သောက်၍ ကောင်းစွာအနားယူပါ။ အလွန်အမင်း နာမကျန်းဖြစ်လာရင်တော့ ဆရာ၀န်နှင့် သွားရောက်ပြသရန် လိုအပ်ပါတယ်။

 

4. လေထုဖိအား မညီမျှမှုကြောင့် နေမကောင်းဖြစ်ခြင်း

          အရက်နာကျဖူးသူတိုင်း ထိုကဲ့သို့ ခံစားမှုမျိုးမှာ ဘယ်လောက်ဆိုးရွားလဲဆိုတာ ကောင်းစွာသိရှိ နားလည်ကြပါတယ်။ တောင်ပေါ်သို့ အမြန်တက်ရောက်ခြင်းကြောင့်လည်း လေထုဖိအား လျော့နည်းကာ နေမကောင်းဖြစ်တတ်ပါတယ်။ အကြောင်းမှာ အမြင့်သို့ ရောက်လေလေ အောက်စီဂျင်ပမာဏ လျော့နည်းလေလေဖြစ်ကာ ခန္ဓာကိုယ်မှမခံနိုင် ဖြစ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည် မတူညီကြသော်လည်း အမြင့်ပေ 4000 နှင့်အထက် ရောက်ရှိလာပါက အသက်ရှူမ၀ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ရေများများ သောက်ပေးပါ။ ပထမဆုံးနေ့မှာ ကိုယ်လက်လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် မပြုလုပ်ပါနှင့်။ ရောဂါေ၀ဒနာ ပြင်းထန်လာပါက ဆရာ၀န်ထံမှ အကူအညီ ရယူသင့်ပါတယ်။

 

5. ခရီးသွားစဉ် မူးေ၀အော့အန်ခြင်း

          သငေ်္ဘာဖြင့်ဖြစ်စေ၊ လေယာဉ်ဖြင့်ဖြစ်စေ၊ ကားဖြင့်ဖြစ်စေ၊ တစ်ခါတစ်ရံ အမြဲခရီးသွားနေကျသူများ၌ပင် မူးေ၀အော့အန်ခြင်းကို ခံစားရတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ အတွင်းနားနဲ့ အခြားခံစားမှုအာရုံတွေဟာ ရွေ့လျားမှုကို ခံစားရသော်လည်း မျက်လုံးမှာမူ မသိရှိပေ။ ဒါကြောင့် ဦးနှောက်ကို အချက်ပေးမှုများ ပေးပို့ရာတွင် ရှုပ်ထွေးကုန်တာကြောင့် ပျို့အန်ခြင်းနဲ့ မူးေ၀ခြင်းများကို ခံစားရတာ ဖြစ်ပါတယ်။ သငေ်္ဘာစီးတဲ့အခါမှာ သငေ်္ဘာဦးပိုင်းသို့သွား၍ ရေပြင်ကို ကြည့်ရှုခြင်း၊ ကားစီးတဲ့အခါမှာ ရှေ့ခုံမှာထိုင်ခင်း စသည့်နည်းလမ်းများဖြင့် ရွေ့လျားမှုကို သိအောင် ပြုလုပ်နိုင်ပါတယ်။ Dramamine ဆေးမျိုးသည် ထိုကဲ့သို့ နေမကောင်းဖြစ်ခြင်းမျိုးကို သက်သာစေနိုင်သော်လည်း အကောင်းဆုံးကတော့ ဆရာ၀န်နှင့် ပြသသင့်ပါတယ်။

 

6. နေလောင်ခြင်း

          ရေကူးကန်နားမှာဖြစ်စေ၊ သဲသောင်ပြင်မှာဖြစ်စေ နေလှုံခြင်းဟာ အရမး်ကို ပြီးပြည့်စုံတဲ့ ခရီးတစ်ခု ဖြစ်တယ်လို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါပေမဲ့ နေလောင်ဒဏ်ရာတွေကြောင့် မိမိရဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်မှာ စိတ်ညစ်ညူးမှုတွေ မကြုံတွေ့စေဖို့ နေလောင်ဒဏ် ကာကွယ်နိုင်စွမ်း 30 ထက် ပိုမိုမြင့်မားတဲ့ နေရောင်ကာခရင်မ်နဲ့ နှုတ်ခမ်းဆိုးဆေးအဆီတွေကို ယူဆောင်သွားသင့်ပါတယ်။ ထို့ပြင် ဘူးခွံပေါ်၌ ခရမ်းလွန်ရောင်ခြင် အေ+ဘီကို ကာကွယ်နိုင်တယ်လို့ ရေးထားတဲ့ ခရင်မ်တွေကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အကယ်၍ နေလောင်သွားခဲ့ပါက ရေအေးဖြင့် ရေချိုးခြင်း၊ စိုစွတ်တဲ့အ၀တ်များဖြင့် ပတ်ထားခြင်းဖြင့် နာကျင်မှုဒဏ်ရာကို သက်သာစေနိုင်ပါတယ်။ ဒဏ်ရာကောင်းစွာ ကျက်သည်အထိ အစိုဓာတ် ဖြည့်ပေးတဲ့ ခရင်မ်လိမ်းခြင်း၊ ရေများများ သောက်ခြင်းတို့ကို ပြုလုပ်၍ တတ်နိုင်သမျှ နေရောင်ထဲတွင် အချိန်ကြာမြင့်စွာ မနေပါနှင့်

 

7. ပိုးမွှားများ ကိုက်ခံရခြင်း

          ပိုးမွှားကိုက်ခံရတာဟာ စိတ်ညစ်ညူးဖွယ်ကောင်းတဲ့အပြင် ခရီးသွားခြင်းနဲ့ ဆက်စပ်နေတဲ့ ဖျားနာခြင်းတွေကိုလည်း ပျံ့နှံ့စေနိုင်ပါတယ်။ ခြင်တွေဟာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးတို့အပြင် အချို့ဒေသတွေမှာ West Nile ဗိုင်းရပ်စ်ပိုးတွေကိုပါ ကူးစက်စေပါတယ်။ တစ်ခါတစ်ရံ မှက် ကိုက်ခံရခြင်းကြောင့် လိုင်းမ်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ ထိုကဲ့သို့ ပိုးမွှားကိုက်ခံရမှုကို ကာကွယ်နိုင်ရန် နည်းလမ်းများလည်း ရှိပါတယ်။ အကျႌလက်ရှည်၊ ဘောင်းဘီရှည်ကို ၀တ်ဆင်၍ ဦးထုပ်ဆောင်းပါ။ ရှပ်အကျႌကို ဘောင်းဘီထဲသို့ထည့်၍ ၀တ်ဆင်ပါ။ ခြင်တွေပေါများတဲ့ အချိန်ဖြစ်တဲ့ ညနေခင်းနဲ့ အရုဏ်တက်ခါစ အချိန်တွေမှာ ဖြစ်နိုင်လျှင် အပြင်မထွက်ပါနဲ့။ DEET ပါ၀င်တဲ့ အင်းဆက်ကာကွယ်ဆေးတွေ လိမ်းထားခြင်းဖြင့် မှက်၊ ခြင်နဲ့ အခြားအင်းဆက်တွေကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

>> ကျန်းမာပျော်ရွှင်စွာ ခရီးသွားနိုင်ဖို့အတွက် အခြားသိထားသင့်သည်များ

          နိုင်ငံခြားခရီး သွားမယ်ဆိုပါက နေမကောင်းမဖြစ်စေရန် မထွက်ခွာမီ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မိမိသွားရောက်မယ့် ဒေသနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးဖို့ ဆရာ၀န်ထံ သွားရောက်သင့်ပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်ဆေးတွေဟာ ကိုယ်ခံစွမ်းအား တည်ဆောက်နိုင်ဖို့ အချိန်တစ်ခု လိုအပ်တာကြောင့် ခရီးမသွားမီ နှစ်ပတ် ကြိုတင်၍ ထိုးသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)