/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းမူးရတဲ့-အကြောင်းအရင်းတွေ

ခေါင်းမူးရတဲ့ အကြောင်းအရင်းတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နွေနေပူပူမှာ ခေါင်းမူးနေတယ်ဆိုရင် ဘာအကြောင်းကြောင့် မူးနေတာလဲဆိုတာကို အဖြေရှာကြည့်ရအောင်။ ခေါင်းမူးတဲ့အကြောင်းအရင်းကို သိမှ ကာကွယ်ကုသလို့ရမှာပါနော်။

●  ရုတ်တရက် သွေးပေါင်ကျတာ
အိပ်နေရာကဖြစ်ဖြစ်၊ ထိုင်နေရာကဖြစ်ဖြစ် ရုတ်တရက် ထရပ်လိုက်တဲ့အခါမှာ သွေးပေါင်ထိုးကျသွားပြီး ခေါင်းထဲကို သွေးရောက်ဖို့ အချိန်ကြာသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကိုကာကွယ်ဖို့ ခန္ဓာကိုယ်ပုံစံပြောင်းရင် ဖြည်းဖြည်းချင်း ပြောင်းပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

●  ရေဓာတ်ခမ်းခြောက်တာ
ခန္ဓာကိုယ်က ရေဓာတ်နည်းလာရင် သွေးလည်ပတ်မှု နှေးကွေးလာပြီး မူးဝေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာ ဆိုးလာပြီဆိုရင်တော့ သွေးပေါင်ပါ ကျလာပါတယ်။

●  ကဖင်းဓာတ်တွေများတာ
တစ်နေ့ကို ကဖင်းဓာတ် ၄၀၀mg လောက်ပဲ သောက်သင့်ပါတယ်။ များသွားရင် ဦးနှောက်ကို သွေးစီးဆင်းတာ နည်းသွားစေပြီး မူးဝေတတ်ပါတယ်။

●  ပူပန်စိတ်အရမ်းကြီးတာတဲ့ရောဂါ (panic attack)
ရိုးရိုးစိုးရိမ်ပူပန်တာတင်မကဘဲ panic attack ဆိုတဲ့ ရောဂါအဆင့်ရောက်ရင် နှလုံံးခုန်တာတွေ မြန်လာတာ၊ အသက်ရှူနှုန်းတွေ မြန်လာတာ စတာတွေဖြစ်လာပြီး ဒီနှစ်ခုလုံးက ခေါင်းမူးတာကို ဖြစ်စေပါတယ်။ သင့်ကိုသင် တည်ငြိမ်အောင် မလုပ်နိုင်ဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

●  အသက်ကို ပြင်းပြင်းမြန်မြန်ရှူတဲ့အခါ
ဒီလိုရှူတာများလာတဲ့အခါ ခန္ဓာကိုယ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ နည်းလာပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို အောက်ဆီဂျင် လုံလုံလောက်လောက် မရတော့တာကြောင့် မူးဝေတာမျိုး ဖြစ်ပေါ်လာပါတယ်။ ဘယ်လိုအချိန်တွေမှာ ဖြစ်တတ်လဲဆိုရင် panic attack ၊ သွေးထွက်လွန်တဲ့အခါ၊ နှလုံး/ အဆုတ်မှာ ပြဿနာရှိတာ၊ ရောဂါပိုးဝင်တာတို့မှာ ဖြစ်တတ်ပါတယ်။

●  ခေါင်းကို ထိခိုက်မိတဲ့အခါ
ဒဏ်ရာက ဘယ်လောက်ပဲသေးသေး ဦးနှောက်ကို ထိခိုက်မိတာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသရပါမယ်။

●  နားအတွင်းပိုးဝင်တာ
တုပ်ကွေး၊ ဓာတ်မတည့်တာ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေကြောင့် ပြည်တွေ၊ ချွဲတွေဟာ နားစည်နောက်မှာ စုနေတတ်ပါတယ်။ ဒီအခါမှာ နားတွင်းမှာရှိတဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းပေးတဲ့စနစ် ထိခိုက်သွားတာကြောင့် ခေါင်းမူးတတ်ပါတယ်။

●  ဗီတာမင်ဘီဝမ်း ချို့တဲ့လို့
ဘီဝမ်းဟာ ပင်မအာရုံကြောစနစ်ကို ထောက်ပံ့ပေးပါတယ်။ ဘီဝမ်း ချို့တဲ့တဲ့အခါ အာရုံကြောစနစ်တွေ အားနည်းလာပြီး နှလုံးခုန်နှုန်းတွေ မူမမှန်ဖြစ်လာပါတယ်။ အချိန်ကြာတာတဲ့အခါ နှလုံးက ကြီးလာပြီး နှလုံးရောဂါ ဖြစ်လာပါတယ်။ ဒီအခါမှာ ဦးနှောက်ကို သွေးက ကောင်းကောင်းမရောက်တော့ဘဲ မူးဝေလာပါတယ်။ အရေးကြီးတဲ့ရောဂါဖြစ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)