/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချမ်းတုန်ရခြင်း-အကြောင်းအရင်းများ

ချမ်းတုန်ရခြင်း အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ရဲ့ ကိုယ်တွင်းအပူချိန် မျှတအောင် ထိန်းသိမ်းဖို့က ခန္ဓာကိုယ်ရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အပူချိန်ကျဆင်းသွားတာနှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာကနေ ချမ်းတုန်ခြင်းဖြစ်စဉ်ကို စတင်လိုက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချမ်းတုန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁)  ဗိုင်းရပ်စ် (သို့) ဘတ်တီးရီးယား ပိုးဝင်ခြင်း
ချမ်းတုန်ခြင်းနှင့်အတူ ကိုယ်ပူခြင်း၊ ကိုယ်လက်ညောင်းညာကိုက်ခဲခြင်းတို့ကိုပါ ခံစားနေရပြီဆိုပါက သင့်အနေနှင့် တုတ်ကွေး သို့မဟုတ် နမိုးနီးယားပိုးဝင်ခြင်းကို ခံစားနေရနိုင်ပါတယ်။ အာဟာရပြည့်ဝအောင် စားခြင်း၊ အိပ်ရေး၀၀အိပ်ခြင်းနှင့် အရည်များများသောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

(၂)  သွေးတွင်းအချိုဓာတ် ကျဆင်းခြင်း
သွေးတွင်းအချိုဓာတ်ကျနေချိန်မှာ ကတုန်ကယင်ဖြစ်ခြင်းနှင့်အတူ ချွေးစေးပြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အမြင်ဝေဝါးခြင်း၊ မူးဝေခြင်းနှင့် စိတ်တိုခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။ သွေးတွင်းအချိုဓာတ်ပမာဏ ၇၀mg အောက် ကျဆင်းခြင်းကို သွေးတွင်းအချိုဓာတ် ကျဆင်းတယ်လို့ သတ်မှတ်တာဖြစ်ပြီး အချိန်တိုအတွင်း ပုံမှန်အတိုင်းအတာထိ ပြန်ရောက်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။

(၃)  အထိတ်တလန့်ဖြစ်ခြင်း
တစ်စုံတစ်ခုကြောင့်ထိတ်လန့်ခြင်း၊ စိတ်ပူပန်သောကကြီးစိုးခြင်းတို့ကြောင့် တုန်ရီခြင်း၊ ချွေးပြန်ခြင်း၊ ရင်တုန်ခြင်းတို့ကို ကြုံတွေ့ရလေရှိပါတယ်။ ဆိုးရွားပါက ရင်ဘတ်အောင့်သည်အထိ ဖြစ်နိုင်ပြီး မကြာခဏဆိုသလို ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

(၄)  ငှက်ဖျားရောဂါ
ငှက်ဖျားပိုးရှိတဲ့ခြင် အကိုက်ခံရခြင်းကြောင့် ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ချွေးစေးများပြန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ငှက်ဖျားပိုး ရှိ၊ မရှိကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပြီး ကောင်းစွာကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

(၅)  Leukemia သွေးကင်ဆာရောဂါ
Leukemia ရှိသူတွေဟာ ပြန်ရည်ကျိတ်များရောင်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်းနှင့် အားနည်းခြင်းတို့ကို ကြုံတွေ့ရလေ့ရှိပါတယ်။ သင့်အနေနှင့် မကြာခဏ ချမ်းတုန်ဖျားခြင်း ဖြစ်ပေါ်နေပြီဆိုရင်တော့ ဆရာဝန်နှင့်ပြသပြီး အဖြေရှာသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)