/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချွေးထွက်သန်သူတွေ-သတိထားဖို့

ချွေးထွက်သန်သူတွေ သတိထားဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       စိတ်လှုပ်ရှားတဲ့အချိန်တွေ၊ ပူအိုက်နေတဲ့အခိျန်တွေမှာ ချွေးထွက်တတ်တာဟာ ပုံမှန်ဖြစ်ပေမယ့် နေ့တိုင်း နေ့တိုင်း ချွဲနေအောင် ချွေးထွက်တယ်ဆိုရင်တော့ သတိထားသင့်ပါပြီ။

          ချွေးထွက်တာကို အတင်း ဖုံးကွယ်နေမယ့်အစား ကုသသင့်ပါတယ်။ တစ်သက်လုံး ချွေးထွက်သန်သူအဖြစ် နေသွားရမယ်လို့ ဘယ်သူမှ မတားဆီးထားပါဘူး။

          အကယ်၍ ပြောရမှာ ရှက်နေတယ်၊ ဘယ်လို စပြောရမှန်းမသိ ဖြစ်နေခဲ့ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ ဆရာဝန်နဲ့ ဘယ်လိုပြသသင့်တယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

 

>>    ဆရာဝန်ကို ဘယ်အချိန်မှာ ပြသင့်သလဲ?

●        အင်္ကီျတွေ၊ ဘောင်းဘီတွေ၊ ဖိနပ်တွေ အကုန်ရွှဲသွားလောက်အောင် ထွက်သူတွေ

●        အပြင်မှာ အေးနေချိန်တွေ၊ လှုပ်လှုပ်ရှားရှား မလုပ်ချိန်တွေမှာတောင် ချွေးထွက်နေသူတွေ

●        ညဘက်တွေမှာ အိပ်ရာခင်း စိုရွှဲလောက်အောင် ထွက်သူတွေ

●        အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ မောတာ၊ အဖျားဝင်တာ၊ အလိုလိုနေရင်း ကိုယ်အလေးချိန် ကျလာတာစတဲ့ လက္ခဏာရပ်တွေ ရှိသူတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစု ဆရာဝန်နဲ့ အရင်ပြသကြည့်ပါ။ ဒါမှမဟုတ် အရေပြားအထူးကုနဲ့လည်း ပြသနိုင်ပါတယ်။

 

>>    ဆရာဝန်နဲ့ ဘာတွေ ဆွေးနွေးရမလဲ?

          ဆရာဝန်နဲ့ မပြသမီ ကိုယ့်ရဲ့ ချွေးထွက်ပုံတွေ၊ ဘယ်လိုနေရင် ချွေးပိုထွက်တယ် ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ ဒါ့အပြင် အောက်ပါအချက်တွေကို ကြိုတင်မှတ်သားထားဖို့လည်း လိုအပ်ပါတယ်။

●        အကျႌ တစ်ရက်ကို ဘယ်နှထည်လောက် လဲရသလဲ?

●        တစ်နေ့ကို ရေ ဘယ်နှကြိမ် ချိုးရသလဲ? ဘယ်ဆပ်ပြာ အမျိုးအစားကို သုံးတာလဲ?

●        ချွေးထွက်သန်တာကို သက်သာစေဖို့ ချွေးတောင့်တွေ၊ ချွေးခံအဝတ်တွေ စတဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားခဲ့ဖူးသလဲ?

●        ချွေးထွက်သန်တဲ့အတွက် လူမှုဆက်ဆံရေး ထိခိုက်တာ၊ သူငယ်ချင်းတွေ ဆုံးရှုံးတာ၊ အလုပ်အကိုင် ဆုံးရှုံးတာ စတဲ့ ဘဝနေထိုင်မှုကို ထိခိုက်တာမျိုး ရှိသလား?

●        ချွေးထွက်များတဲ့နေရာက အရေပြားမှာ ယားယံလာတာမျိုးတွေ ရှိသလား?

●        ချွေးထွက်သန်တာကြောင့် ဝမ်းနည်းရတာ၊ စိတ်တိုရတာမျိုးတွေ ရှိသလား?

 

>>    ဆရာဝန်က ဘာတွေလုပ်ပေးနိုင်မလဲ?

          ချွေးထွက်သန်တာ စဖြစ်တဲ့အချိန်တွေ၊ ပိုဖြစ်တတ်တဲ့အချိန်တွေ၊ ရောဂါရာဇဝင်တွေနဲ့ သောက်နေရတဲ့ဆေးတွေ စတာတွေကို မေးမြန်းပါလိမ့်မယ်။

          ဒါ့အပြင် အောက်ပါစမ်းသပ်မှုတွေလည်း ပြုလုပ်ပါလိမ့်မယ်။

●        ချွေးထွက်လွန်စေတဲ့ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါတွေ ရှိ/မရှိကို လိုအပ်တဲ့ စမ်းသပ်မှုတွေ

●        ချွေးထွက်သန်တာကို စစ်ဆေးတဲ့နည်းတွေ

          *        Starch-iodine Test လို့ခေါ်တဲ့ စစ်ဆေးနည်းမှာ အိုင်အိုဒင်းဓာတ်နဲ့ ကစီဓာတ်တွေကို အသုံးပြုပြီး ဘယ်နေရာမှာ ချွေးထွက်များသလဲ ကြည့်ပါတယ်။ ချွေးထွက်လွန်နေတဲ့ နေရာတွေမှာ ပြာသွားတာကို တွေ့ရမှာပါ။

          *        Paper Test ဆိုတာကတော့ အထူးစက္ကူတစ်မျိုးကို သုံးပြီး ထွက်တဲ့ချွေးပမာဏကို တိုင်းတာတဲ့နည်းပဲ ဖြစ်ပါတယ်။

          ရောဂါရာဇဝင်နဲ့ စမ်းသပ်စစ်ဆေးမှုတွေပေါ် မူတည်ပြီး Primary Hyperhidrosis လား? Secondary Hyperhidrosis လား? ဆိုတာ သိနိုင်မှာပါ။

          Primary Hyperhidosis ဆိုတာ ရောဂါအခြေအနေ တစ်ခုခုကြောင့် ဖြစ်တာမျိုးမဟုတ်ဘဲ မျိုးရိုးလိုက်တတ်ပြီး ကလေးဘဝထဲက ဖြစ်တတ်တဲ့အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ လက်ဖဝါး၊ ခြေဖဝါးနဲ့ ချိုင်းတွေမှာ ချွေးထွက်သန်တတ်ပါတယ်။

          Secondary Hyperhidosis ဆိုတာကတော့ ကင်ဆာဖြစ်ခြင်း၊ ရောဂါပိုးမွှားဝင်ခြင်းစတဲ့ ရောဂါအခြေအနေတွေကြောင့် ဖြစ်တတ်သလို စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ရောဂါဆေး စတဲ့ ဆေးတွေကြောင့်လည်း ရတတ်ပါတယ်။ တစ်ကိုယ်လုံးမှာ ချွေးထွက် များနိုင်ပါတယ်။

          ဘာကြောင့် ချွေးထွက်များရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိပါက နည်းအမျိုးမျိုးနဲ့ ကုသနိုင်ပါတယ်။ ချွေးထွက်နည်းစေတဲ့ ဆေးတောင့်တွေ သောက်နိုင်သလို Iontophoresis လို့ ခေါ်တဲ့ ခြေဖဝါး၊ လက်ဖဝါး ချွေးထွက်သန်သူတွေအတွက် ရေထဲ လျှပ်စီးကြောင်း အပျော့စားဖြတ်တဲ့ ကုသနည်းနဲ့လည်း ကုသနိုင်ပါတယ်။ ဒါ့အပြင် ချွေးဂလင်းတွေကိုသွားတဲ့ အာရုံကြောတွေကို Botox ဆေး ထိုးပြီး ပိတ်ပစ်တဲ့နည်းကိုလည်း အသုံးပြု ကုသနိုင်ပါသေးတယ်။

          အခြားရောဂါအခြေအနေ တစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းအရင်းကို ကုသဖို့ လိုအပ်ပါတယ်။ ကုသတဲ့နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းတစ်ခုစီရဲ့ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေချာမေးမြန်း စုံစမ်းထားသင့်ပါတယ်။

          ကုသနေစဉ်မှာလည်း ဆရာဝန်နဲ့ အမြဲမပြတ် ပြန်ပြန်ပြနေဖို့ လိုပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ မသက်သာတဲ့အခါ ဆေးသောက်တာ၊ ခွဲစိတ်တာ စတဲ့ နည်းလမ်းတွေနဲ့ ကုသဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

Dr. Emerald (www.drmyanmar.com)