ခြေစွယ်ငုတ်ခြင်းအကြောင်း သိကောင်းစရာအဖြာဖြာ
ခြေစွယ်ငုတ်ခြင်းဆိုတာ ခြေသည်းထောင့်လေးများက ဘေးနားပတ်လည်ရှိ အရေပြားအတွင်း ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ အဖြစ်များဆုံးကတော့ ခြေမဖြစ်ပါတယ်။
ခြေစွယ်ငုတ်ခြင်းကို စတင်သိရှိပြီဆိုတာနင့် မိမိဘာသာ ကုသနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပိုးဝင်ခြင်းဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသဖို့ လိုပါပြီ။
>> ခြေစွယ်ငုတ်ခြင်းဖြစ်စေသော အကြောင်းရင်းတွေကတော့ -
● ခြေသည်းကို နည်းလမ်းမှန်စွာ မညှပ်ခြင်း(ခြေသည်းထောင့်များကို ကောင်းစွာမညှပ်ခြင်း)
● ခြေသည်းများက အတွင်းသို့ စိုက်ဝင်နေခြင်း
● ခြေမကို ဖိအားများများ ဖြစ်စေသော ခြေအိတ်များဝတ်ဆင်ခြင်း
● အလွန်ကျဉ်းသော၊ သေးငယ်သောဖိနပ်များ စီးခြင်း
● ကိုယ်နေဟန်ထားမမှန်ခြင်း
● ခြေထောက်သန့်ရှင်းမှု အားနည်းခြင်း စသည်တို့ ဖြစ်ပါတယ်။
ခြေထောက်တွင် ဖိအားများများပေးပြီး ကန်ထုတ်ရသော ဘောလုံး၊ လက်ဝှေ့ထိုးခြင်း၊ ဘဲလေးကခြင်း စသည့် လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိသူများတွင်လည်း ခြေစွယ်ငုတ်ခြင်း ဖြစ်ပေါ်လေ့ရှိပါတယ်။
>> ခြေစွယ်ငုတ်ခြင်းကို ပြသနေသော လက္ခဏာတွေကတော့ -
● ခြေသည်းဘေးရှိ အရေပြား နီရဲရောင်ကိုင်းခြင်း၊ နာကျင်ခြင်း
● ခြေမကိုဖိရင် နာကျင်ခြင်း
● ခြေမပတ်လည်တွင် အရည်များ စုပုံနေခြင်းတို့ဖြစ်ပြီး
>> ထပ်မံပိုးဝင်ခြင်း ဖြစ်ပေါ်ပါက -
● နာကျင်ခြင်း
● သွေးထွက်ခြင်း
● ပြည်တည်ခြင်း
● ခြေမရောင်ကိုင်းခြင်းတို့ကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
>> ခြေစွယ်ငုတ်ခြင်းကို သက်သာအောင် အိမ်တွင်းနည်းလမ်းတွေနှင့် အောက်ပါအတိုင်း ကုသနိုင်ပါတယ်။
● ရေ ခပ်နွေးနွေး ဖြည့်ထားသော ဇလုံတွင် ခြေထောက်ကို မိနစ် ၂၀ ခန့် စိမ်ပေးပါ။ တစ်နေ့ကို ၃-၄ ခါ ပြုလုပ်ပါ။ ရေစိမ်ပြီးတာနင့် ခြောက်သွေ့အောင် သုတ်ပေးပါ။
● ခြေသည်းအစွန်းနှစ်ဖက်ပတ်လည်ရှိ အရေပြားအား သံလွင်ဆီ ဆွတ်ထားသော နားထိုးတံကိုသုံးပြီး ဘေးသို့ ဖယ်ပေးပါ။
● နာကျင်မှုသက်သာအောင် အကိုက်အခဲပျောက်ဆေး သောက်ပါ။
● Neomycin ပါသော ပိုးသတ်ဆေးခရင်မ်များ လိမ်းပေးနိုင်ပါတယ်။
အထက်ပါ အိမ်တွင်းနည်းလမ်းများဖြင့် သက်သာအောင် ပြုလုပ်ပြီး ရက်အနည်းငယ်ကြာ စောင့်ကြည့်ပါ။ ပိုးဝင်ခြင်းများ ဖြစ်ပေါ်နေပြီး ရောဂါလက္ခဏာများ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နှင့်ပြသသင့်ပါတယ်။
>> ခွဲစိတ်ကုသနည်း
ခြေစွယ်ငုတ်ခြင်းအတွက် ခွဲစိတ်မှုအမျိုးမျိုးရှိသည့်အနက် အသုံးများသောနည်းကတော့ ခြေသည်းခွံလှန်ခြင်း ဖြစ်ပါတယ်။ ပထမဆုံးအနေနှင့် ခြေသည်းအရေပြားကို ဆရာဝန်က ထုံဆေးပေးပါတယ်။ ထို့နောက် ခြေသည်းခွံတစ်ခုလုံးကို ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























