/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်ကျိုးတဲ့အခါ

ခြေထောက်ကျိုးတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခြေထောက်ကျိုးတာဟာ ကားတိုက်တဲ့အခါ၊ ချော်လဲတဲ့အခါ စသည်ဖြင့် အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အရမ်းနာကျင်တတ်ပါတယ်။ ဒီလို ရုတ်တရက် ခြေထောက်ကျိုးတဲ့အခါ ဆေးရုံ၊ ဆေးခန်းမရောက်ခင် ရှေးဦးသူနာပြု ပြုစုနည်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရလေအောင် ကာကွယ်ဖို့ အင်မတန် အရေးကြီးပါတယ်။

 

>>    ရှေးဦးသူနာပြု ပြုစုနည်းတွေကတော့ -

●        မလှုပ်ရှားအောင် ထားပါ။

          ခြေထောက်ကျိုးတဲ့အခါ မလှုပ်မရှားထားခြင်းက တစ်သျှူး ထိခိုက်မှုတွေ၊ သွေးကြောနဲ့ အာရုံကြော ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ထီး၊ တုတ်ချောင်း၊ သတင်းစာလိပ် စတာတွေနဲ့ ယာယီ မလှုပ်ရှားနိုင်အောင် ချည်နှောင်ပြီး ဆေးရုံကို အမြန်ပြေးသင့်ပါတယ်။

 

●        သွေးတိတ်အောင် လုပ်ပါ။

          ဟပြဲကြီး ပြဲနေတဲ့ ဒဏ်ရာမျိုးဆိုရင်တော့ သွေးတိတ်အောင် အရင်လုပ်ရပါမယ်။ ခြေထောက်ကို မြှောက်ထားပြီး ပတ်တီးသန့်သန့် စည်းပေးပါ။ သွေးကြောလေးတွေ ကျဉ်းသွားပြီး သွေးမထွက်အောင် ရေခဲ ကပ်ပေးနိုင်ပါတယ်။ အနာလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ 10 မိနစ်၊ 15 မိနစ်ထက် ပိုမကပ်ပါနဲ့။

 

●        မရောင်ပါစေနဲ့။

          ခြေထောက် ရောင်လာတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ခြေထောက်ကို မြှောက်ထားပြီး သားရေကြိုး ပတ်တီးနဲ့ ချည်နှောင်ထားနိုင်ပါတယ်။ ခြေထောက်နှစ်ဖက်ကို ယှဉ်ကြည့်ပြီး ကြီးလာတာကို တွေ့တာနဲ့ ဆရာဝန်ကို ပြောရပါမယ်။

 

●        ခြေထောက်ကို အမြဲစောင့်ကြည့်ပါ။

          ခြေထောက်ကြီး ဖြူဖျော့နေတာ၊ အေးနေတာတွေ ရှိ/မရှိ အမြဲစစ်ဆေးပါ။ သွေးကြောပိတ်တဲ့အခါ ဒီလက္ခဏာတွေ ရှိလာနိုင်ပါတယ်။ ဒီလက္ခဏာတွေ တွေ့လာရပါက ခြေထောက်ပတ်တီးကို တတ်နိုင်သမျှ ဖြည်ပြီး ဆရာဝန်ကို ပြေးခေါ်ပါ။ အမြန်မကုသခဲ့ရင် ခြေထောက် ပုပ်သွားနို်င်ပါတယ်။

          နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရလေအောင် ဆရာဝန်နဲ့ တိုင်ပင်ကုသရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)