/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်မြှောက်ပြီး-အညောင်းဖြေမယ်

ခြေထောက်မြှောက်ပြီး အညောင်းဖြေမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         နေ့တိုင်း တစ်နေ့ကို မိနစ် ၂၀ လောက် ခြေထောက်ကို အပေါ်မြှောက် တင်ထားရုံနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေ တစ်နေ့ကို မိနစ် ၂၀ လောက်လုပ်ပေးရုံနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီးတော့ စိတ်ခံစားချက်တွေကို သိသိသာသာကောင်းလာစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးကို တွေ့ထားပါတယ်။ ဒါကတော့ ခြေထောက်လေးကို မှန်မှန်ကန်ကန် မြှောက်တင်ထားရုံပါပဲ။

1.       နံရံအနီးတစ်နေရာမှာ သက်သောင့်သက်သာ လှဲလျောင်းပါ။ ခါးအောက်မှာ ခေါင်းအုံးတစ်လုံး (သို့) ပျော့ပြောင်းတဲ့အရာတစ်ခု ခံထားပါ။

2.       ခြေထောက်တွေကို မတင်လိုက်ပြီးတော့ နံရံမှာထောင်ပြီး ဆန့်ထားပါ။ လက်တွေကို ဖြေလျော့ပြီးတော့ ခန္ဓာကိုယ်ဘေးဘက်မှာ ချထားပါ။

3.       ဒီပုံစံအတိုင်း ၁၅-၂၀ မိနစ်နေပါ။

          ဒီပုံစံလုပ်တဲ့အခါမှာ အဝတ်အစားတွေက သွေးလှည့်ပတ်မှုကို ပိတ်ပြီးတော့ နှောင့်ယှက်မှုမရှိဖို့ လိုပါတယ်။ ဒီတော့ ခါးစည်းတွေမပါတဲ့ ပွပွချောင်ချောင်နဲ့ သက်သောင့်သက်သာ အဖြစ်ဆုံးအကျႌကို ရွေးဝတ်ပါ။ ဒီလိုလေး မလှုပ်မရှား မိနစ် ၂၀ လောက် နေတာလေးက လေ့ကျင့်ခန်းနဲ့တော့မတူဘဲ ဖြစ်နေမှာပါ။ ဒါက ယောဂပုံစံ (သို့) အကြောလျှော့တဲ့ပုံနဲ့ တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလေးနေတာကနေပြီးတော့ ရရှိလာမယ့် အကျိုးကျေးဇူးတွေက များပါတယ်။

          ခြေထောက်တွေနဲ့ ကျောရိုးမမှာ နာတာရှည် ထိခိုက်ဒဏ်ရာရတာ (သို့) မကြာသေးခင်ကမှ ဒဏ်ရာရထားတဲ့သူတွေပဲ ဒီပုံစံကို လုပ်လို့မရတာပါ။

          ဒီလေ့ကျင့်ခန်းလေးလုပ်ရင် နောက်ထပ် ပြောချင်တာလေးက စလုပ်တဲ့သူတွေမှာ အောက်ပါ အမှားလေးတွေ လုပ်မိလေ့ရှိပါတယ်။

          နံရံနဲ့ အရမ်းဝေးဝေး (သို့) အရမ်းနီးနီး လှဲနေမိတာ၊ လည်ပင်းအောက်မှာ အရမ်းပျော့လွန်းတဲ့ ခေါင်းအုံးခံတာ စတာတွေ လုပ်မိလေ့ရှိပါတယ်။ ဒီအမှားတွေက ကြွက်သားတွေကို တင်းစေပြီးတော့ အရိုးအနေအထားကိုလည်း ထိခိုက်စေပါတယ်။ ဒီလေ့ကျင့်ခန်းလေးကို ပုံမှန်လေးလုပ်ပေးမယ်ဆိုရင်တော့ မကြာခင်မှာပဲ ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

 

1.      ခြေထောက်တွေ အရမ်းလေးနေတဲ့ခံစားချက်တွေ ပျောက်သွားမယ်။

          ခြေထောက်တွေ ရောင်ပြီးတော့ လေးနေတာက သွေးလှည့်ပတ်မှု မကောင်းလို့ဖြစ်နိုင်သလို နှလုံးကျောက်ကပ် မကောင်းလို့၊ ကိုယ်အလေးချိန် များနေလို့၊ စားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့မညီလို့ စတာတွေ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ခြေထောက်ကြီး ဖောရောင်နေတယ် ဆိုရင်တော့ အကြောင်းအရင်းရှာပြီးတော့ ကုသဖို့ လိုပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ သွေးလှည့်ပတ်မှုကို ကောင်းစေတဲ့အတွက်ကြောင့် အဓိကကုထုံးအပြင် ထပ်ပြီးအကျိုးသက်ရောက်မှုရှိမှာပါ။

 

2.      ဒေါက်မြင့်ဖိနပ်တွေစီးရင် ခံစားရတဲ့ပင်ပန်းနွမ်းနယ်မှုတွေ မရှိတော့ဘူး။

          ဒေါက်ဖိနပ်စီးထားရင် ကြွကြွရွရွနဲ့ စမတ်ကျစေပေမယ့်လည်း တစ်ချိန်လုံးစီးတဲ့အခါမှာတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါမှာ ကိုယ်အလေးချိန် သက်ရောက်မှု မညီမျှတဲ့အတွက်ကြောင့် ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီလိုမျိုး တစ်နေ့လုံး စီးထားပြီးရင် အိမ်ပြန်ရောက်တဲ့အခါမှာ ဖိနပ်ကို ချွတ်၊ ခြေထောက်ကိုမြှောက် တင်ထားပြီးတော့ သက်သောင့်သက်သာ နေလိုက်ပါ။ ဒီလေ့ကျင့်ခန်းအပြင် ခြေထောက်လေးကို နည်းနည်းနှိပ်ပေးပြီးတော့ ရေပူလေးနဲ့ ရေချိုးပေးလိုက်ပါ။

 

3.      အစာချေတာ ပိုကောင်းလာပါလိမ့်မယ်။

          ခြေထောက်ကိုမြှောက် တင်ပေးထားတာက အစာအိမ်အလုပ်ကို ပိုကောင်းစေပါတယ်။ ခြေထောက်က သွေးတွေ စီးဆင်းရာမှတစ်ဆင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးထောက်ပံ့မှုကို ပိုကောင်းလာစေပါတယ်။ အစာအိမ်ထဲက အစာအိမ် အလုပ်လုပ်တဲ့ကြွက်သားတွေကို အားကောင်းစေတယ်။ တစ်ချိန်တည်းမှာပဲ သွေးလှည့်ပတ်မှု ကောင်းလာခြင်းကြောင့် အစာချေစနစ်ကို အလုပ်ပိုကောင်းကောင်း လုပ်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် စားလိုက်တဲ့အာဟာရဓာတ် အများစုကို လျင်မြန်စွာ စုပ်ယူစေပါတယ်။

 

4.      အာရုံကြောစနစ်ကို ဖိစီးမှု ပြေလျော့စေတယ်။

          ဒီအနေအထားနဲ့ နေတဲ့အခါမှာ ပိုပြီးနေရတာ သက်သောင့်သက်သာဖြစ်တဲ့အပြင် လေကိုလည်း ပိုပြီးရှူသွင်းမိစေပါတယ်။ ဒီတော့ ခန္ဓာကိုယ် တစ်သျှူးတွေဆီကို အောက်ဆီဂျင်ပိုရပြီးတော့ သွေးလှည့်ပတ်မှုလည်း ပိုကောင်းလာကာ ကိုယ်တွင်းအင်္ဂါတွေဆီကို အာဟာရဓာတ်တွေ ပိုထောက်ပံ့နိုင်စေပါတယ်။ ဒါက အာရုံကြောစနစ်အတွက် ကောင်းပြီးတော့ နားထင်၊ လည်ပင်းနဲ့ အစာအိမ်ကြွက်သားတွေ တင်းတာကို ပြေလျော့စေပါတယ်။

 

5.      ပိုပြီးအိပ်ကောင်းလာမယ်။

          အိပ်မပျော်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ခြေထောက်ကြီး ရောင်နေတာ၊ ပူနေသလိုဖြစ်တာ စတဲ့ မကောင်းတဲ့ခံစားချက် တစ်ခုခုကြောင့်ပါ။ ခြေထောက်ကို ပုံမှန်မြှောက် ပေးထားတာက ဒီလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အသက်ရှူမှန်လာခြင်း၊ သွေးလှည့်ပတ်မှု ကောင်းလာခြင်းတွေကြောင့် ဦးနှောက်က အောက်ဆီဂျင် ပိုရစေပါတယ်။ ပြီးတော့ ပိုပြီးတော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

          ဒီလိုပုံစံနဲ့ နေပေးတာက တရားထိုင်တာနဲ့ တူတဲ့အတွက် စိတ်ငြိမ်ပြီးတော့ သာမန်ပြဿနာလေးတွေကြောင့် အနှောင့်အယှက် မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ဒီညက စလုပ်ကြည့်ကြပါစို့။

Dr. Mya Myo Myo Swe (www.drmyanmar.com)