ခြေသည်း လက်သည်း မှိုစွဲတဲ့အခါ
ခြေသည်းမှိုစွဲတာဟာ ခြေသည်းထိပ်မှာ အဝါရောင်/အဖြူရောင် အစက်လေး စပေါ်လာရာကနေ စပါတယ်။ မှိုက တဖြည်းဖြည်း ဆိုးလာလေ ခြေသည်းတစ်ခုလုံး အရောင်ပြောင်းသွားပြီး ထိပ်တွေမှာ ထူပြီး တွန့်လာပါတယ်။ နည်းနည်းလေးပဲဖြစ်ပြီး ဘာလက္ခဏာမှမပြရင် ကုသဖို့ မလိုပေမယ့် နာတယ်၊ ခြေသည်းတွေ ထူလာတယ်ဆိုရင်တော့ ကုသဖို့လိုပါတယ်။ တစ်ခါဖြစ်ပြီးရင်လည်း ခဏခဏ ဖြစ်တတ်ပါတယ်။
>> လက္ခဏာတွေကတော့ -
● ခြေသည်း/ လက်သည်းတွေ ထူလာမယ်
● အဖြူရောင် / ဝါကျင့်ကျင့်အရောင် ပြောင်းလာမယ်
● ပုံပျက်လာမယ်
● မည်းမည်းကြီး ဖြစ်လာမယ် (ခြေသည်းအောက်မှာ စုပုံနေတဲ့ အညစ်အကြေးတွေကြောင့်)
● အနံဆိုးမယ် စသည်တို့ ဖြစ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ?
ခြေသည်း အရောင်ပြောင်းလာမယ်၊ ထူလာမယ်၊ ပုံပျက်လာမယ်၊ ပြီးတော့ သင့်မှာ ဆီးချိုရောဂါရှိတယ်ဆိုရင် စဖြစ်ပြီလို့ ထင်တာနဲ့ ဆရာဝန်နဲ့ ပြသရပါမယ်။
>> ဘာကြောင့် ဖြစ်ရတာလဲ?
မှိုဖြစ်စေတဲ့အကောင်ကြောင့် ကူးစက်တာကြောင့် ဖြစ်ပါတယ်။
ခြေသည်း / လက်သည်း မှိုစွဲတာက အရွယ်မျိုးစုံမှာ ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်ကြီးလေ ခြေသည်းတွေက ကျွပ်ဆတ်ပြီး ခြောက်သွေ့လာပါတယ်။ အက်ရာလေးတွေ ဖြစ်လာတဲ့အခါ မှိုပိုးတွေက အဲဒီ့ကြားထဲကို ဝင်ရောက်လာပါတယ်။ ခြေထောက်ကို သွေးစီးဆင်းမှု လျော့နည်းတာ၊ ကိုယ်ခံအားမကောင်းတာတွေကြောင့်လည်း ဖြစ်နိင်ပါတယ်။
တခြားလူကနေတော့ မကူးစက်နိုင်ပါဘူး။ ဒါပေမဲ့ ခြေသည်းတစ်ချောင်းကနေ နောက်တစ်ချောင်းကိုတော့ ကူးစက်နိုင်ပါတယ်။
>> ပိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ
● အသက်ကြီးတဲ့လူတွေ
● ချွေးထွက်များတဲ့လူတွေ
● ခြေထောက်အရေပြား မှိုစွဲတဲ့ရောဂါ ရှိတဲ့လူတွေ
● စိုစွတ်တဲ့နေရာတွေ၊ ရေကူးကန်၊ gyms စတဲ့ နေရာတွေမှာ ခြေဗလာနဲ့ သွားလေ့ရှိသူတွေ
● ခြေသည်း၊ အရေပြားမှာ ထိခိုက်ရှနာ ရှိတဲ့လူတွေ
● ဆီးချိုရှိသူတွေ၊ သွေးလည်ပတ်မှုဆိုင်ရာ ရောဂါရှိသူတွေ၊ ခုခံအားကျဆင်းနေတဲ့သူတွေ စသူတို့မှာ အဖြစ်များပါတယ်။
>> နောက်ဆက်တွဲ ပြဿနာတွေကတော့ -
● နာကျင်တာ
● ခြေသည်း တစ်သက်လုံး ပျက်စီးသွားစေတာ
● နဂို ကိုယ်ခံအားနည်းရင် ခြေထောက်ကနေ တခြားနေရာတွေကိုပါ ပျံနှံ့သွားစေတာ စသည်တို့ ဖြစ်ပါတယ်။
>> ဘယ်လိုကာကွယ်ကြမလဲ?
● လက်နဲ့ ခြေထောက်ကို မှန်မှန်ဆေးပါ။ ဆေးပြီးရင် ခြေသည်းတွေ အစိုဓာတ်ရအောင် တစ်ခုခု လိမ်းပါ။
● ခြေသည်းညှပ် သုံးပြီးတိုင်း ပိုးသတ်ပါ။
● ခြေစွပ်ကို ပုံမှန်လဲပါ။ ချွေးစုပ်တဲ့ ခြေအိတ်ဝတ်ပါ။
● ဖိနပ်ကို လေဝင်လေထွက်ကောင်းတဲ့ပစ္စည်းနဲ့ လုပ်ထားတာမျိုးကို ရွေးချယ်ပါ။
● ဖိနပ်အဟောင်းတွေကို လွှတ်ပစ်ပါ။
● ရေကူးကန်လိုနေရာမျိုးတွေမှာ ဖိနပ်စီးပါ။
● ဆိုင်မှာ လက်သည်း၊ ခြေသည်းလုပ်ရင် ပစ္စည်းတွေကို သေချာပိုးသတ်တဲ့ဆိုင်မျိုးကို ရွေးချယ်ပါ။
● ခြေသည်းဆိုးတာတွေ၊ အတုတပ်တာတွေ ရှောင်ပါ။
Dr. Htar (www.drmyanmar.com)





























