ဂိမ်းစွဲလွန်ရောဂါ ဖြစ်နေပြီလား
ဂိမ်းကစားတဲ့ အလေ့အထ ကျယ်ပြန့်လာတာနဲ့အမျှ လူငယ်တွေကြားမှာ ဂိမ်းအလွန်အကျွံ စွဲလမ်းမှုတွေ ဖြစ်လာတာတွေ တွေ့နေရပါတယ်။ နေ့ရောညရော ဂိမ်းဆော့ရင်း ကျန်တာ စိတ်မဝင်စားတော့ဘဲ ဂေါက်တောက်တောက် ဖြစ်သွားသူတွေလည်းမရှား ... ဒုက္ခရောက်ခဲ့သူတွေကလည်း အဖုံဖုံ ဂိမ်းမှာပဲ အာရုံရောက်နေတော့ အလုပ်မလုပ် ငွေမရှာနိုင်တော့ မိန်းမက ဂိမ်းဆိုင်လိုက်လာ ရည်းစားနဲ့ ကွဲကြပြတ်ကြ ဒုက္ခအလီလီပေးတဲ့ဂိမ်း ... ဒီဂိမ်းစွဲတာကို ရောဂါတစ်ခုလို့ သတ်မှတ်လို့ရပါသလား။
အင်တာနက်ဂိမ်းတွေ အလွန်အကျွံ စွဲလမ်းနေပါပြီလို့ သင့်ကိုယ်သင် အဖြေထုတ်နိုင်မယ့် အချက်အလက်တွေ သိချင်လား ... အောက်မှာ ဖတ်ကြည့်နော်။
● ဂိမ်းဆော့ပြီးတာတောင် နားချိန်မှာ ဂိမ်းအကြောင်း မရပ်မနား တွေးနေမိခြင်း
● ဂိမ်းမဆော့ရရင် နေမထိထိုင်မသာ ဖြစ်လာခြင်း
● တစ်နေ့တာအတွင်း ဂိမ်းဆော့တဲ့အချိန်ပမာဏ များလာခြင်း
● အင်တာနက်ဂိမ်း မြင်တိုင်း မနေနိုင် မထိုင်နိုင် ဝင်ဆော့ချင်နေခြင်း
● မကောင်းမှန်းသိသိကြီးနဲ့ ဆက်ဆော့နေမိခြင်း
● စိတ်ညစ်တိုင်း ရည်းစားနဲ့ အဆင်မပြေတိုင်း ဂိမ်းဆော့ခြင်း
● ဂိမ်းဆော့လွန်ပြီး အလုပ်ပြုတ်၊ စာမေးပွဲပါကျခြင်း
ကဲ ... ဒီလိုအခြေအနေတွေနဲ့ တစ်နည်းနည်း ကိုက်ညီနေရင် သင် အင်တာနက်ဂိမ်းကို အကြီးအကျယ် စွဲနေပါပြီ။
ဂိမ်းစွဲနေတဲ့သူတွေဟာ တစ်နေ့ကို ရှစ်နာရီနဲ့ ဆယ်နာရီကြား ဂိမ်းဆော့ကြပြီး တစ်ပတ်ကို နာရီသုံးဆယ်ခန့် ဂိမ်းဆော့ ဖြစ်ကြပါတယ်။ သူတို့ကို ဂိမ်းမဆော့ဖို့ တားပြန်ရင်လည်း စိတ်ဆင်းရဲပြီး ခွေနေတာ၊ ဒေါသအကြီးအကျယ် ထွက်တာတွေ ကြုံရတတ်ပါတယ်။ ဘယ်လောက်ထိ ပြင်းထန်လာနိုင်လည်းဆိုရင် ထမင်းမစား၊ မအိပ်နဲ့တောင် အဆော့ထဲကို ဈာန်ဝင်သွားနိုင်ပါတယ်နော်။
ဒါ့အပြင် ဂိမ်းဆော့ကြမ်းတဲ့ သားသားမီးမီးဟာ ဖွံဖြိုးတိုးတက်မှု ညံ့သွားပြီး ကျောင်းစာမှာပါ စွမ်းဆောင်ရည်တွေ သေချာပေါက် ကျဆင်းလာတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။
အင်တာနက်ကနေ ဂိမ်းအတူဆော့ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုမိုခိုင်မြဲတဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်တည်လာပြီး အဲဒီအသိုင်းအဝိုင်းကို အကြီးအကျယ် စွဲလမ်းကာ ပြင်ပလုပ်ဆောင်ချက်တွေ လုပ်ငန်းတွေကိုပါ ထိခိုက်နစ်နာလာစေမှာ ဖြစ်ပါတယ်။ ဂိမ်းပတ်ဝန်းကျင်ရဲ့ ဆွဲဆောင်မှုကြောင့် တခြားစွမ်းရည်တွေပါ ကျဆင်းလာမှာ မုချပါပဲ။
ဂိမ်းမဆော့ရ၊ အင်တာနက်မသုံးရတဲ့အခါ ဦးနှောက်က မသွက်တော့ဘဲ လုပ်လိုက်မှ စတင်သွက်လက်လာ အတွေးတွေမြန်ဆန်လာတာတွေ ရှိနေတတ်ပြန်ပါတယ်။ ဒါကြောင့် လူ့ဦးနှောက်ရဲ့ ဂိမ်းကို တုံ့ပြန်မှုဟာ ထူးဆန်းတာကြောင့် နောက်ထပ်တိကျတဲ့ ရှာဖွေသုတေသနတွေ လိုအပ်နေပါသေးတယ်။ မိမိကိုယ်ကို ဂိမ်းစွဲနေပြီလို့ ထင်ခဲ့ရင်ဖြင့် ကျွမ်းကျင်သူ နှစ်သိမ့်ဆွေးနွေး စိတ်ပညာရှင်နဲ့သာ တိုင်ပင်ပြီး ဆွေးနွေးတိုင်ပင်ကြဖို့ အကြံပြုပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























