ငရုတ်သီးကိုဆေးအဖြစ် စားပေးသင့်သလို ဘေးမဖြစ်စေရန်လည်းဂရုစိုက်သင့်
ငရုတ်သီးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုး၊ ဆိုးကျိုးလေးတွေကိုလေ့လာလိုက်ကြရအောင်။
1) ငရုတ်သီးမှာအင်တီအောက်ဆီးဒင့်ကြွယ်၀စွာပါ၀င်တာကြောင့် ကင်ဆာရောဂါကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အဆုတ်ကင်ဆာဖြစ်ခြင်းမှ လျော့ချပေးနိုင်တဲ့အပြင် အမျိုးသားတွေမှာဖြစ်လေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ငရုတ်သီးအစားများခြင်းကြောင့် အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့အတွက် လွန်ကဲစွာမစားမိစေဖို့ သတိပြုသင့်ပါတယ်။
2) ငရုတ်သီးမှာပါ၀င်တဲ့ ဗီတာမင် C ဟာ ရောဂါကိုခုခံနိုင်စွမ်းရှိတာကြောင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ ၎င်းမှာပါတဲ့ ဗီတာမင် A ကရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ ငရုတ်သီးပါ၀င်တဲ့ အစားအစာစားခြင်းကြောင့် ရပ်ကျပ်စေနိုင်ပါတယ်။
3) အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် အစာကြေလွယ်စေပါတယ်။ ငရုတ်သီးစားခြင်းကြောင့် အစာအိမ်နာမဖြစ်စေနိုင်ပေမယ့် အစာအိမ်နာေ၀ဒနာခံစားနေရသူတွေအနေနဲ့ ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ၀မ်းသွားတဲ့အခါ စအိုတွင် ပူစပ်ပူလောင်ဖြစ်ခြင်းကို အနည်းနဲ့အများ ခံစားရနိုင်ပါတယ်။
4) ငရုတ်သီးမှာ ဗီတာမင် E ကြွယ်၀စွာပါ၀င်တာကြောင့် အရေပြားရှိ သဘာ၀အဆီကို ထွက်ရှိစေတဲ့အတွက် အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် ငရုတ်သီးပါတဲ့ အစားအစာစားခြင်းဟာ အသားအရေကောင်းမွန်စေဖို့ အထောက်အပ့ံဖြစ်စေပါတယ်။ ဒါပေမယ့် ငရုတ်ဦးစားခြင်းကြောင့် လျှာမှအရသာခံဖုတွေလောင်စေနိုင်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ အစပ်အရသာရှိတဲ့ အစားအစာစားပြီးနောက် ခံတွင်းမှာပူစပ်ပူလောင်ခံစားရပါက ငှက်ပျောသီးစားခြင်း၊ ပေါင်မုန့်စားခြင်းတို့ ပြုလုပ်သင့်ပါတယ်။ များသောအားဖြင့် ပူစပ်စပ်အရသာ ခံစားရပါက ရေသောက်ခြင်းနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမယ့် ရေသောက်လိုက်ခြင်းကြောင့် ငရုတ်သီးမှာပါတဲ့ capsaicin ဓာတ်ဟာ ခံတွင်းတစ်ခုလုံးကို ပျံ့နှံ့သွားတာဖြစ်တဲ့အတွက် စပ်ဖျဉ်းဖျဉ်းခံစားရတာကို လျင်မြန်စွာမသက်သာစေနိုင်ဘူးဆိုတာ သတိမူသင့်ပါတယ်။ ငရုတ်သီးကိုင်ပြီးနောက် လက်တွင်ပူလောင်နေပါကရေ (သို့) ရှာလကာရည်နဲ့ ဆေးပေးသင့်ပြီး နှုတ်ခမ်းသားတစ်၀ိုက် ပူစပ်စပ်ဖြစ်နေပါက သွားတိုက်ဆေးအုံပေးသင့်ပါတယ်။ လက်ပူလောင်ခြင်းမှ ကာကွယ်ဖို့အတွက် ငရုတ်သီးမကိုင်ခင်လက်အိတ်စွပ်တာ အကောင်းဆုံးပါ။
5) ငရုတ်သီးဟာအစားစားချင်စိတ်ကိုအဟန့်အတားဖြစ်စေပြီး ခန္ဓာကိုယ်တွင်းဇီ၀ကမ္မဖြစ်စဉ်ကိုကောင်းစေ ကာ ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း လိုတာထက်ပိုမစားမိဖို့တော့ ဂရိုစိုက်သင့်ပါတယ်။
6) သွေးတွင်းသကြားဓာတ်လျော့ကျစေနိုင်တာကြောင့် ဆီးချိုရောဂါေ၀ဒနာရှင်တွေအနေနဲ့ ငရုတ်သီးပါတဲ့ အစားအစာကို ပုံမှန်ပါ၀င်အောင် စားပေးသင့်ပါတယ်။
7) ငရုတ်သီးစပ်စပ်အစားအစာတွေစားခြင်းကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ endorphin ဟော်မုန်းထွက်ရှိစေပြီး ထုံးထိုင်းမှုတွေပြေပျောက်စေပါတယ်။
8) ငရုတ်သီးဟာ သံဓာတ်ပေးစွမ်းနိုင်တဲ့ အစားအစာအရင်းအမြစ်ဖြစ်တဲ့အတွက် သွေးအားနည်းတတ်သူ အမျိုးသမီးတွေ စားပေးသင့်ပါတယ်။
9) ငရုတ်သီးမှာပါ၀င်တဲ့ capsaicin ဓာတ်ဟာ အဆစ်ရောင်နာကို သက်သာစေနိုင်ပြီး နာတာရှည်အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဂျွတ်ပွေး၊ ဆီးချိုရောဂါကြောင့် အာရုံကြောဆိုင်ရာထိခိုက်မှုတွင် ကုသရာမှာလည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
10) ငရုတ်သီးပါတဲ့အစားအစာတွေစားပါက သွေးတွင်းအဆီတွေဖြစ်တဲ့ cholesterol နဲ့ triglycerides ကိုလျော့ကျစေနိုင်တဲ့အတွက် နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
CMS






























