/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ငှက်ပျောသီးက-အစာအိမ်ထဲကထွက်တဲ့-အက်ဆစ်ဓာတ်ကို-ပြယ်စေနိုင်ပါသလား

ငှက်ပျောသီးက အစာအိမ်ထဲကထွက်တဲ့ အက်ဆစ်ဓာတ်ကို ပြယ်စေနိုင်ပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            အစာလမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ အနာတွေက စိတ်ဖိစီးမှုကြောင့်ဖြစ်တာတော့ မဟုတ်ပေမယ့် စိတ်ဖိစီးမှုတွေကတော့ အနာကို ပိုဆိုးစေပါတယ်။ အစာအိမ်အနာရဲ့ လက္ခဏာတွေကတော့ အစာစားပြီးတိုင်း ဗိုက်အောင့်ခြင်းနှင့်အတူ လေချဉ်တက်ခြင်း၊ ပျို့ခြင်း၊ အစာစားချင်စိတ်ပျောက်ခြင်းတွေ တွဲပြီးဖြစ်လေ့ရှိပါတယ်။ မကုသဘဲထားမယ်ဆိုရင် နောက်ဆုံးမှာ ခွဲစိတ်ကုသရပါမယ်။ ကံကောင်းတာကတော့ ခံစားရတာတွေကို သက်သာအောင် လုပ်တဲ့နည်းလမ်းတွေ ရှိပါတယ်။ ငှက်ပျောသီးစားတာက အဲဒီထဲက တစ်နည်း အပါအ၀င် ဖြစ်ပါတယ်။

            အများအားဖြင့် အနာတွေက အစာအိမ်မှာ (သို့) အစာအိမ်နဲ့ အူသိမ်ဆုံတဲ့နေရာမှာ ဖြစ်လေ့ရှိပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေက အစာအိမ်နဲ့ အူနံရံရှိ အချွဲလွှာကို ထိခိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်း၊ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်လေ့ရှိပါတယ်။ ပိုးသတ်ဆေး၊ အက်ဆစ်ချေဖျက်ပေးတဲ့ဆေးတွေ သောက်ခြင်း၊ နေထိုင်မှုပုံစံနဲ့ အစားအစာ အပြောင်းအလဲတွေက အနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

♦ ငှက်ပျောသီးမှာ ဘယ်လိုအကျိုးတွေရှိလဲ?

            ငှက်ပျောသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်၀စွာပါ၀င်တဲ့အပြင် အမျှင်ဓာတ်၊ ဗီတာမင် B6, C, folate စတဲ့ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီး အရွယ်တော်တော်တစ်လုံးမှာ ကယ်လိုရီ ၁၀၀ ခန့် ပါဝင်ပြီးတော့ အနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဟန့်တားနိုင်တဲ့ ဓာတ်ကူပစ္စည်းတွေလည်း ပါဝင်ပါတယ်။

            ငှက်ပျောသီးမှာ ပါဝင်တဲ့ leucocyanidin ဆိုတဲ့ ဓာတ်တစ်မျိုးကတော့ အစာအိမ်အချွဲလွှာကို ပိုထူစေပြီး အနာကြောင့် ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ငှက်ပျောသီးက သဘာဝအလျောက်အက်ဆစ်တွေကို ချေဖျက်နိုင်စွမ်းရှိပြီး အနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

♦ သိထားသင့်သည့်အချက်များ

            အစားအစာနဲ့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေက အနာကြောင့်ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပေမယ့် ဒါတွေက ထိရောက်တဲ့ကုသမှုတွေတော့ မဟုတ်ပါဘူး။ ရောဂါတွေကို ကိုယ့်ဟာကိုယ် နာမည်တပ်ပြီး ကုသဖို့ မသင့်ပါဘူး။ ဆရာဝန်နဲ့ပြသပြီး သေချာကုသမှု ခံယူသင့်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)