စိတ်ကျခြင်းအတွက် ဂီတကုထုံး
ဂီတက လူရိုင်းတွေကိုတောင်မှ ယဉ်စေနိုင်တယ်ဆိုတဲ့ ဆိုရိုးရှိပါသတဲ့။ ဂီတက စိတ်ကျရောဂါလက္ခဏာတွေကို တကယ်ရော သက်သာစေတာလား? သုတေသနတွေ အများကြီးအရတော့ ဂီတက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ 2017 မှာ ထုတ်ဝေထားတဲ့ သုတေသနစာတန်းမှာတော့ ဂျာမန်သုတေသီတွေက ဂီတကုထုံးတွေကို လေ့လာမှု ၂၈ ခုကို သုံးသပ်ပြထားပါတယ်။ ဒီထဲမှာဆိုရင် လူပေါင်း 1810 ကို ဂီတကို နားထောင်ရုံသက်သက်သာ နားထောင်ခိုင်းခြင်း၊ ပါဝင််ပြီး သီဆိုစေခြင်း၊ အုပ်စုလိုက်တူရိယာကုထုံး စတဲ့ ပုံစံအမျိုးမျိုးနဲ့ လေ့လာထားပါတယ်။ ဂီတအမျိုးအစားကလည်း အစုံပါဝင်ပါတယ်။ ဒီလေ့လာမှု ၂၈ ခုထဲကမှ ၂၆ ခုအရဆိုရင် ဂီတကုထုံးကြောင့် စိတ်ကျမှုတွေ သိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။ ဂီတကုထုံးက ရောဂါလက္ခဏာတွေရဲ့ 43% လောက်ကို သက်သာကောင်းမွန်လာစေတယ်လို့ ဆိုပါတယ်။
လေ့လာမှုတွေက အရမ်းကျယ်ပြန့်လို့ ဘယ်လိုပုံစံ ဂီတကုထုံးက အကောင်းဆုံးဖြစ်တယ်လို့ မှတ်ချက်ချဖို့တော့ ခက်နေပါတယ်။ အုပ်စုလိုက် ဂီတကုထုံးပေးတာကတော့ တစ်ဦးချင်းစီပေးတာထက် အနည်းငယ် အကျိုးပိုရှိတာကို တွေ့ရပါတယ်။ ပြီးတော့ အသက် ၆၀ နဲ့အထက် လူကြီးတွေမှာ ငယ်ရွယ်သူတွေထက် တိုးတက်မှု ပိုများတာကို တွေ့ရပါတယ်။
အထူးသဖြင့် သာမန်ကနေ အသင့်အတင့် စိတ်ကျနေသူတွေအတွက် ပုံမှန်ဆေးပညာကုထုံးတွေအပြင် ဂီတကုထုံးကလည်း အကျိုးရှိစေတာကို တွေ့ရပါတယ်။ ဘယ်လိုဂီတကုထုံးပုံစံတွေက စိတ်ကျရောဂါ ခံစားနေရတဲ့ လူတွေအတွက် အသင့်တော်ဆုံး အကောင်းဆုံးဖြစ်မလဲဆိုတာကိုတော့ ထပ်ပြီး သုတေသနတွေလုပ်ပြီး ရှာဖွေဖို့ လိုပါသေးတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























