စိတ်ကျရောဂါ ခံစားခဲ့ဖူးတဲ့ Lady Gaga
စိတ်ကျရောဂါဆိုတာ ဝမ်းနည်း ရှက်ကြောက်နေရမယ့် ရောဂါတစ်ခု မဟုတ်ပါဘူး။ လောကကြီးမှာ အဆင်မပြေတဲ့ အရှုံးသမားတွေ စိတ်အားငယ်တတ်သူတွေ အသုံးမကျသူတွေမို့လို့ ဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ ကျွန်မတို့လို သာမန်လူတွေမှာ ဖြစ်နိုင်သလို ကျွန်မတို့ လေးစားအားကျ ချစ်ခင်ရတဲ့ ထင်ရှားကျော်ကြားသူတွေဟာလည်း စိတ်ကျရောဂါကို ခံစားခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံထားသူကတော့ Lady Gaga ပဲ ဖြစ်ပါတယ်။
Paparazzi, Poker စတဲ့ နာမည်ကြီးသီချင်းတွေ အပါအ၀င် သီချင်းများစွာ သီဆိုခဲ့တဲ့ Pop Star တစ်ဦးဖြစ်တဲ့ Lady Gaga ကတော့ သူမဘ၀ တစ်လျှောက်လုံးမှာ စိတ်ကျဆင်းမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အမြဲတွေ့ကြုံခံစားနေရတယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါအတွက် ဆေးတွေ သောက်နေရတာကိုလည်း ဖွင့်ဟပြောကြားဖို့ မရှက်ပါဘူး။ BillBoard မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Lady Gaga က လူသားတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြားဖို့ အရေးကြီးပါတယ်။ ကိုယ့်အကြောင်း သူ့အကြောင်း ေ၀မျှပြီး အပြန်အလှန် အထောက်အကူပေးပြီး အတူရင်ဆိုင်ကြရင် ကျွနု်ပ်တို့တွေ ပိုပြီးကြံ့ခိုင်လာကြမယ်လို့ Gaga က ဆိုပါတယ်။






























