စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ကြသူတွေ တွေးလေ့ရှိတဲ့ အတွေး (7) ခု
စိတ် ကျန်းမာပျော်ရွှင်ဖို့ဆိုတာ မိမိ်ရဲ့ နှလုံးသား ခံယူချက်ရယ်၊ နေ့စဉ် အတွေးတွေရယ်ပေါ်မှာ မူတည်နေပါတယ်။ ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀လေးကို ဖြတ်သန်းနိုင်ဖို့ စံပြုထိုက်တဲ့ အတွေးလေးတွေကို ဖတ်ကြည့်ကြရအောင် ...။
1. ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့တန်ဖိုးထားဖို့ အရေးအကြီးဆုံးလို့ အရင်တွေးပါတယ်။ မိမိကိုယ်ကို ပြဿနာတွေထက် ပိုကြီးမြတ်တယ်လို့ မှတ်ယူကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ တည်တည်ငြိမ်ငြိမ် ဖြေရှင်းလေ့ရှိတာမို့ ခက်ခဲမှု အတော်များများကို ကျော်လွှားနိုင်ကာ ဘ၀မှာ အဆင်ပြေ အောင်မြင်ကြပါတယ်။
2. ငါ လုပ်နိုင်တယ်လို့ တွေးပါတယ်။ ဒါပေမဲ့ မိမိ တာ၀န်ယူနိုင်စွမ်းထက် ပိုလုပ်တာမျိုးကို မလုပ်ကြပါဘူး။ မိမိကိုယ်ကို ဖိစီးစေတာ၊ စိတ်မချမ်းသာစေတာတွေကနေ ေ၀းေ၀းနေကြပါတယ်။
3. လူတွေကို ချစ်တယ်။ ဒါပေမဲ့ အတန်အသင့်ပဲ ယုံကြည်မယ်လို့ တွေးသူပါ။ အယုံလွယ်တာတွေ မရှိိဘဲ အမြဲသတိရှိရှိ ရှင်သန်သူပါ။
4. ငါ အလုပ်လုပ်မှ အောင်မြင်မယ်လို့ တွေးပါတယ်။ အလုပ်ကြိုးစားသူဆီကို ကံကောင်းခြင်းတွေ၊ အခွင့်အရေးတွေ ခညောင်းလာမယ်လို့လည်း အမြဲယုံကြည်ပြီး ဘ၀ကို ကြိုးစားရင်း ပျော်ပျော်ပဲ ဖြတ်သန်းပါတယ်။
5. အသစ်အသစ်တွေ လုပ်ကြည့်ဖို့ မတွန့်ဆုတ်တော့ဘူးလို့ တွေးပါတယ်။ ခြေလှမ်းသစ်အတွက် အမြဲအသင့်ဖြစ်နေပြီး ဘ၀ကို အပြောင်းအလဲတွေနဲ့ ဖန်တီးဆန်းသစ်စေသူပါ။
6. လူမှန်ရင် အမှားလုပ်တယ်ဆိုတာ လက်ခံ တွေးပေးပါတယ်။ ကိုယ်တိုင်လည်း မှားတတ်သလို သူများအမှားတွေကိုလည်း နားလည်လက်ခံ ခွင့်လွှတ်တတ်သူပါ။ ဒီအတွက် အလုပ်ခွင်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး ဖိအားနည်းသူအဖြစ် ရပ်တည်ပါတယ်။
7. ဘာပဲကြုံရကြုံရ ရှာကြံပြီး အကောင်းတွေကို အရင်မြင်၊ အရင်တွေးပါတယ်။ ပြီးမှ ဆိုးဝါးမှုတွေ ပြဿနာတွေ စိတ်ညစ်စရာတွေကို အစဉ်လိုက် ထပ်တွေးပါတယ်။ အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ လောကနိယာမကို သဘောပေါက် နားလည်သူမို့ လောကဓံ တော်တော်များများက သူ့ကိုတုန်လှုပ်စေမှာ မဟုတ်ပါဘူး။
ဒါလေးတွေ ဖတ်ကြည့်ပြီး မိမိရော ဘယ်အချက်တွေနဲ့ ကိုက်ညီပြီး စိတ် ကျန်းမာပျော်ရွှင်ဖို့ ဘာလေးတွေ ထပ်ပြုပြင်ရမယ် ဆိုတာလေး တွေးကြည့်လိုက်ပါဦးနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























