/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိကြောင့်-အနာမကျက်ခြင်းနှင့်-ခြေထောက်နောက်ဆက်တွဲပြသနာများ

ဆီးချိကြောင့် အနာမကျက်ခြင်းနှင့် ခြေထောက်နောက်ဆက်တွဲပြသနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးချိုရှိရင် အနာမကျက်တာ ဖြစ်တတ်တဲ့အလျောက် အနာမကျက်ဘဲ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ ကျန်းမာရေးအကျိုးဆက်တွေကို အသိပေးပြောပြပါရစေ။

          အနာမကျက်တာက ပထမ သွေးလည်ပတ်မှုမကောင်းတာရယ်၊ သွေးထဲက အနာကျက်စေတဲ့ ဓာတ်ပစ္စည်းတွေ ကမောက်ကမဖြစ်တာရယ်၊ ဆီးချိုကြောင့် အာရုံကြောထိခိုက်တာရယ်ကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါသည်တွေအနေနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာ အလွယ်တကူရတတ်ရုံသာမက အနာမကျက်တာတွေ၊ တစ်ရှူးတွေပုပ်ပွပျက်စီးတာတွေထိ ဆိုးသွားစေနိုင်တာကို သတိမူစေလိုပါတယ်။

ဆီးချို ကြောင့် အနာမကျက်တဲ့အခါ……….

 

• အနာရင်းမယ် အသားမတက်ဘူး

• အနာကစိုနေတာ တစ်ပတ်-ဆယ်ရက်ထက်ပိုကြာနေမယ်

• ပြည်တည်မယ်

• ပတ်ပတ်လည် တစ်ရှုးတွေရောင်ကိုင်းလာမယ်

• သွေးဆိပ်ပျံနှံပြီး ဖျားမယ် 

• အရိုးကို ထိုးဖောက်ဝင်ရောက်ပြီး အရိုးပြည်တည်နာတွေ ဆင့်ပွားလာမယ်

• အရိုးပြည်တည်နာပိုမိုဆိုးရွားပြီး အသားတွေပါပုပ်လာတဲ့အခါ ခြေထောက် ခြေချောင်းလေးတွေ ခွဲစိတ်ဖြတ်တောက်ရတဲ့အထိ ဖြစ်နိုင်တယ်။

• သွေးအဆိပ်ဖြစ်တာ သိပ်ဆိုးတဲ့အခါ တကိုယ်လုံးကို ရောဂါပိုးတွေ ပျံ့နှံ့သွားပြီး သေဆုံးတဲ့အထိ အဆုံးသတ်တတ်ပါတယ်။

 

ဒီတော့ အဲဒီအဆင့်တွေမဖြစ်အောင် အနာမဖြစ်ဖို့ ကာကွယ်ရပါမယ်။

 

• ခြေသည်း၊ လက်သည်းမှန်မှန်ညှပ်ပါ။

• ခြေထောက်ကို ရေနွေးနွေးနဲ့နေ့စဉ်ဆေးကြောပါ။

• ရေခြောက်အောင်သုတ်ပီး အစိုဓာတ်ထိန်းဆေးခရင်တွေ လိမ်းပေးပါ။

• ခြေထောက်ထုံကျင်တာတွေရှိခဲ့ရင် အထူးပြုလုပ်ထားတဲ့ ခြေအိတ်တွေ ဖိနပ်တွေ သုံးနိုင်ပါတယ်။ 

အရေးအကြီးဆုံး က ခြေထောက်ပါ။ ခြေထောက်ခိုက်မိထားပြီး ထုံနေတော့ မသိလိုက်ပါဘူးဆိုပြီး အနာရင်းမှ ရောက်လာတဲ့ ဆီးချိုရောဂါသည်တွေ တပုံတပင်ပါ။

 

ခြေထောက်ခိုက်မိ ပွန်းပဲ့ဒဏ်ရာဖြစ်တဲ့အခါ

 

• ရေနဲ့ အရင်ဆေးကြောပါ။

• ပြောင်အောင်သုတ်ပီး အနာလိမ်းဆေးရည်နဲ့ဆေးပါ။

• ဘိုင်အိုပလာစင်တန်လို ဆေးခရင်တွေထည့်ပေးနိုင်ပါတယ်။ အနာကို ဖုံမဝင်အောင်ဖုံးအုပ်ထားပါ။

• ဆရာဝန်နဲ့ ပြသပြီး မေးခိုင်ကာကွယ်ဆေးထိုးပါ။

• အနာဘယ်လောက် သေးသေးဂရုစိုက်ပါ။ 

 

ဘာတွေဖြစ်ရင် ဆရာ၀န်နဲ့ သတိထားပြသပေးရမလဲ..

 

• အနာဖြစ်နေတုန်း ချမ်းတုန် ဖျားလာရင်

• ဖြစ်တဲ့နေရာက ထုံကျင်ပီး မနာရင်

• ပြည်တည်လာရင်

• ပတ်ပတ်လည်က ဖောင်းကားရောင်ကိုင်းလာရင်

• အနာဧရိယာပိုကျယ်ပီး အရည်တွေစို့လာရင် ဆရာ၀န်နဲ့ချက်ချင်းပြသပြီး ပဋိဇီဝဆေးနဲ့ ကုသမှုခံယူဖို့လိုအပ်ပါတယ်။

 

 

ဂျီပီငှက် ( ဆေး/ မန််း) (www.drmyanmar.com)