ဆီးချိုကြောင့် အာရုံကြောထိခိုက် ထုံကျင်လာတဲ့အခါ
ဆီးချိုသွေးချိုကြောင့် အာရုံကြောကို ထိခိုက်မိတာကို "ဆီးချိုသွေးချိုကြောင့်ဖြစ်သော အာရုံကြောထိခြင်း" လို့ ခေါ်ပါတယ်။ ခြေတွေလက်တွေမှာ ထုံထုံကျဉ်ကျဉ်ဖြစ်ခြင်း၊ အစာခြေစနစ်ထိခိုက်ခြင်း၊ လိင်ကိစ္စပြဿနာဖြစ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
>> ခြေထောက်မှာ အာရုံကြောထိတာ များလာတဲ့အခါ -
● ခြေထောက်ကို ထိလို့ထိမှန်းမသိတော့ခြင်း
● အနာမကျက်ခြင်း
● အဲဒီကနေတစ်ဆင့် ခြေချောင်း၊ ခြေထောက်၊ ခြေတစ်ချောင်းလုံး ဖြတ်ပစ်ရတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။
** ဆီးချိုသွေးချိုရောဂါ ထိန်းသိမ်းနိုင်ဖို့နဲ့ ဆီးချိုကြောင့် အာရုံကြောထိခြင်းလိုမျိုး ဆီးချိုနောက်ဆက်တွဲတွေကို ကာကွယ်ဖို့၊ ဖြစ်နှုန်းနှေးကွေးစေဖို့အတွက် သွေးတွင်းအချိုဓာတ်ထိန်းတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်စွာ စားပေးခြင်းဟာ အဓိကသော့ချက်ပါပဲ။
Ultra B 1

>> အာရုံကြောအားနည်းသူတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ -
1. ဗီတာမင် B12
ဗီတာမင် B12 ဟာ အသား၊ ငါး နှင့် နို့နဲ့နို့ထွက်ပစ္စည်းတွေထဲမှာပါပြီး အာရုံကြောလုပ်ငန်းဆောင်တာတွေ၊ သွေးနီဥထုတ်လုပ်မှုတွေအတွက် အရေးပါပါတယ်။ ဗီတာမင်ဘီတွဲ မလုံလောက်တဲ့အခါ အာရုံကြောပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
တချို့ဆေးတွေက ဗီတာမင် B12 ချို့တဲ့မှုကို ဖြစ်စေတတ်ပါတယ်။ ဥပမာ -
● Metformin ဆီးချိုအမျိုးအစား-၂ မှာ သုံးတဲ့ဆေး
● အစာအိမ်အက်ဆစ်ကို လျော့နည်းစေတဲ့ PPI ဆေး
● အစာအိမ်အက်ဆစ်ကို လျော့နည်းစေတဲ့ H2 blocker ဆေး စတာတွေပါ။
2. Alpha-lipoic acid
Alpha-lipoic acidဆိုတာ အစားအစာ တော်တော်များများမှာ တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါပဲ။ ဓာတ်တိုးဆန့်ကျင်ပျက်စီးမှုကို တားဆီးပေးပါတယ်။ ဒီလိုဓာတ်တိုးဆန့်ကျင်ပျက်စီးတာဟာ ဆီးချိုရောဂါအာရုံကြောပျက်စီးမှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ Alpha-lipoic acidဟာ သွေးတွင်းအချိုဓာတ်ကို ချပေးနိုင်တယ်လို့လည်း သိရပါတယ်။
လေ့လာမှုအသေးစားတချို့မှာ Alpha-lipoic acidဟာ ဆီးချိုအာရုံကြောရောဂါရှိနေသူတွေမှာ နာကျင်မှုကို လျော့နည်းစေခြင်း၊ အာရုံကြောစမ်းသပ်မှု လုပ်ကြည့်ရာမှာ ကောင်းလာခြင်း၊ တခြားလက္ခဏာရပ်တွေ သက်သာလာခြင်းတို့ကို ခံစားရပါတယ်။ လေ့လာမှုကြီးကြီးတွေလုပ်ဖို့လည်း လိုပါသေးတယ်။
Alpha-lipoic acidဟာလည်း ညွှန်းထားတဲ့အတိုင်းသောက်ရင် ဘေးဆိုးကျိုးနည်းပါတယ်။ ဒါပေမဲ့ ဗီတာမင် B1 လျော့နည်းနေသူတွေမှာ သောက်မိရင်တော့ Alpha-lipoic acid အဆိပ်သင့်မှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်သူတွေမှာ မသောက်သင့်ပါဘူး။ သဘာဝအတိုင်း ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ တဆေး စတာတွေကနေ Alpha-lipoic acid ကို ရရှိနိုင်ပါတယ်။
Ultra B 2

3. Acetyl-L-carnitine
Acetyl-L-carnitine ဟာ အသည်းနဲ့ကျောက်ကပ်ကနေ သဘာဝအတိုင်းထုတ်လုပ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Acetyl-L-carnitine ဟာ ဓာတ်တိုးဆန့်ကျင်မှုကို လျော့နည်းစေနိုင်ပါတယ်။ အာရုံကြောရဲ့ လုပ်ငန်းဆောင်တာနဲ့ ပြန်လည်ပြုပြင်မှုကိုလည်း ကောင်းစေတယ်လို့ သိရပါတယ်။
လေ့လာမှုအနည်းအကျဉ်းမှာတော့ ဆီးချိုအာရုံကြောရောဂါရှိသူတွေမှာ Acetyl-L-carnitine ဟာ နာကျင်တာကို သက်သာစေခြင်း၊ တခြားအာရုံခံစားမှုတွေကို တိုးတက်စေခြင်း၊ အာရုံကြောလုပ်ငန်းဆောင်တာ စစ်ဆေးမှုမှာ တိုးတက်စေခြင်း စတဲ့ ကောင်းကျိုးတွေကို ရစေနိုင်ပါတယ်။ ရောဂါစစချင်းမှာပေးတာ ပိုကောင်းတယ်လို့လည်း ဆိုပါတယ်။ ထပ်ပြီးလေ့လာဖို့တော့လည်း လိုပါသေးတယ်။
ညွှန်ကြားထားတဲ့အတိုင်းသောက်ရင် အန္တရာယ်မရှိပါဘူး။ နောက်ဆက်တွဲအနေနဲ့ ပျို့ချင်အန်ချင်တာ၊ စိတ်ရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။
ဒီဆေးကို သွေးကြဲဆေး warfarin နဲ့ တွဲမသောက်ပါနဲ့။ Warfarin ရဲ့ အစွမ်းကို တိုးစေပြီး သွေးထွက်နိုင်ခြေရှိလို့ပါ။ သိုင်းရွိုက်ဓာတ် အားနည်းတာ (သို့) များဖူးတာမျိုးရှိရင် မပေးသင့်ပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။
4. ကျန်းမာရေးနဲ့ညီညွတ်စွာ စားပေးဖို့ အရေးကြီးပါတယ်။
အာဟာရဓာတ်ပြညိ့ဝပြီး အဆီနဲ့ ကယ်လိုရီတွေနည်းတဲ့အစားအစာမျိုးကို စားပေးပါ။ အဓိကကတော့ -
● အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ မပြုပြင်မပြောင်းလဲထားတဲ့အစေ့အနှံတွေ
● အဆီမပါ၊ အဆီနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ
● အဆီနည်းအသား၊ ငါး၊ အရေခွံမပါတဲ့ကြက်သား၊ ဘဲသားတွေ စတာတွေကို စားပေးပါ။
5. ကိုယ်လက်လှုပ်ရှားမှုကလည်း အရေးပါပါတယ်။
လေ့ကျင့်ခန်းကလည်း သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ရာမှာ အရေးပါပါတယ်။ ဆီးချိုရှိသူတွေဟာ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် အလယ်အလတ်စားကနေ အပြင်းစားလေ့ကျင့်ခန်းမျိုးကို လုပ်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် တစ်ပတ်မှာ ရက်အတော်များများ မိနစ် ၃၀ လောက် လမ်းမြန်မြန်လျှောက်ပေးပါ။
ရေများများသောက်ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ် သက်သောင့်သက်သာရှိအောင် ဝတ်ဆင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























