ဆီးချိုဝေဒနာရှင်များတွင်ဖြစ်နိုင်သော အရေပြားပေါ်မှအရေကြည်ဖုများ
ဆီးချိုရောဂါဝေဒနာရှင်တွေရဲ့ အရေပြားမှာ တစ်ခါတစ်လေ အရေကြည်ဖုတွေကြုံတွေ့ရတတ်ပါတယ်။ ဒါကို diabetic blisters, bullosis, diabeticorum, diabetic bullae လို့ခေါ်ပါတယ်။
ဒီအရေပြားပေါ်ကအရေကြည်ဖုတွေက ဆီးချိုကိုမထိန်းချုပ်နိုင်တဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါတွေက နာကျင်မှုခံစားရခြင်းမရှိသလို ဆေးကုသစရာမလိုဘဲ သူ့အလိုလိုပြန်ပျောက်သွားနိုင်ပါတယ်။
ဒီအရေကြည်ဖုတွေဖြစ်စေတဲ့အကြောင်းအရင်းတွေ၊ လက္ခဏာတွေနဲ့ ဖြစ်လာရင်ဘယ်လိုကုသရမယ်ဆိုတာနဲ့ ကာကွယ်နည်းတွေကိုဖော်ပြပေးချင်ပါတယ်။
>> အရေကြည်ဖုဖြစ်ရသောအကြောင်းအရင်းများ
ဆီးချိုရောဂါရှင်တွေမှာဖြစ်ရတဲ့ အရေကြည်ဖုဖြစ်စေတဲ့အကြောင်းအရင်းအတိအကျမသိရပေမယ့်လည်း ဒီအရည်ကြည်ဖုဖြစ်ဖို့အတွက် အချက်များစွာနဲ့သက်ဆိုင်ပါတယ။် အရေကြည်ဖုတွေကအောက်ပါတို့ကြောင့်ဖြစ်နိုင်ပါတယ်။
• မိမိနှင့် မတော်သောရှူးဖိနပ်များဝတ်ဆင်ခြင်း
• သွေးလှည့်ပတ်မှုအားနည်းခြင်း
• Candida albicans ဆိုသောမှိုတစ်မျိုးစွဲကပ်ခြင်း
• လက်နှင့် ခြေထောက်များကို ထိခိုက်ဒဏ်ရာရခြင်း
Naturally Better 1

ဒါတွေသာမကသေးဘဲ အချို့သောဆီးချိုဝေဒနာရှင်တွေက အခြားသူတွေထက်ပိုပြီး အရည်ကြည်ဖုပေါက်နိုင်ချေများပါတယ်။ အရေကြည်ဖုပိုပြီးပေါက်နိုင်ချေများတဲ့သူတွေကတော့-
• သွေးတွင်းသကြားဓာတ်ပမာဏကိုမထိန်းချုပ်နိုင်ခြင်း
• ဆီးချိုကြောင့်ဖြစ်သောအာရုံကြောရောဂါရှိသူများ
• ခန္ဓာကိုယ်ဘေးဘက်ရှိသွေးကြောရောဂါရှိသူများ
• ခရမ်းလွန်ရောင်ခြည်ကိုခံနိုင်ရည်မရှိသူများ
• သုတေသနတွေအရ အမျိုးသားတွေကအမျိုးသမီးတွေထက် ၂ ဆပိုပြီး ဆီးချိုကြောင့်ဖြစ်တဲ့ အရေကြည်ဖုဖြစ်နိုင်ချေများတယ်လို့ ဆိုပါတယ်။
>> ရောဂါလက္ခဏာများ
နှစ်အတော်ကြာအောင် ဆီးချိုရောဂါကိုကောင်းစွာမထိန်းချုပ်နိုင်တဲ့သူတွေမှာ အရေကြည်ဖုတွေအဖြစ်များပါတယ်။ အချို့လူတွေမှာတော့ ဒီအရေကြည်ဖုေတွေက ဆီးချိုရောဂါရဲ့ ပထမဆုံးလက္ခဏာဖြစ်နိုင်ပါတယ်။
အရေကြည်ဖုတွေက ခြေထောက်၊ ခြေဖဝါး၊ ခြေချောင်းတွေပေါ်မှာနဲ့ လက်မောင်း၊ လက်ဖဝါး၊ လက်ချောင်းတွေမှာပေါက်တတ်ပါတယ်။ ဒီအရေကြည်ဖုတွေကိုကြည့်လိုက်တဲ့အခါမှာ ပုံသဏ္႑ာန်အတိအကျမရှိဘဲ၊ ၆ လက််မဝန်းကျန်ခန့်ရှိကာ အစုလိုက်ပေါက်တတ်ပါတယ်။ တစ်လုံးချင်းစီပေါက်တာတော့ရှားပါတယ်။ အထဲမှာ အရေကြည်တွေရှိပြီး ယားပါတယ်။ အရေကြည်ဖုပတ်လည်ကအရေပြားကတော့ပုံမှန်ပဲရှိနေပါတယ်။ တကယ်လို့ ဘေးကအရေပြားက နီလာတယ်ရောင်လာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းကိုသွားပြပါ။
Naturally Better 2

>> ကုထုံးများ
သုတေသနတွေအရ ဆီးချိုကြောင့်ဖြစ်တဲ့ အရေကြည်ဖုတွေက ၂-၅ ပတ်အတွင်းမှာ သူ့အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် ဒီအရေကြည်ဖုတွေကိုကုသတာကတော့ ရောဂါပိုးမဝင်အောင်ပဲဂရုစိုက်ကာကွယ်ဖို့လိုပါတယ်။ အခြေခံအကျဆုံးနည်းလမ်းတစ်ခုကတော့ ဒီအရေကြည်ဖုတွေကို လုံးဝမဖောက်ပါနဲ့။
တကယ်လို့ အရေကြည်ဖုက အရမ်းကြီးတယ်၊ မပျောက်ဘဲဆက်ရှိနေပြီးနာလာတယ်ဆိုရင်တော့ အောက်ပါတို့နဲ့ ကုသနိုင်ပါတယ်။
• Saline compresses - ယားယံခြင်း၊ နာကျင်ခြင်းများကိုသက်သာစေနိုင်ပါတယ်။
• ပတ်တီးစည်းထားခြင်း - ပေါက်မထွက်စေရန်၊ အဖုနှင့် ပတ်ပတ်လည်ရှိအရေပြားများကို မကုတ်မိစေရန်။
• ဖောက်ထုတ်ခြင်း - အရမး်ကြီးပါက ဆရာဝန်ကဖောက်ထုတ်ပေးပါလိမ့်မယ်။
• ပိုးသတ်ဆေး၊ စတီးရွိုက်လိမ်းဆေးများ - ပုံမှန်အားဖြင့်တော့မလိုအပ်ပေမယ့်လည်း ဆိုးရွားလာတယ်ဆိုရင်တော့ အထောက်အကူရနိုင်ပါတယ်။
ရောဂါပိုးမဝင်အောင် ကာကွယ်တာတွေအပြင် အခြားအရေပြားရောဂါတွေရှိမရှိ ဆရာဝန်နဲ့ပြသစစ်ဆေးသင့်ပါတယ်။ အချို့မှာဆိုရင်တော့ အရည်ကြည်ဖုကနေအသားစယူပြီးစစ်ဆေးဖို့ လိုကောင်းလိုနိုင်ပါတယ်။
>> ကာကွယ်ခြင်း
ဆီးချိုရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ အရေပြားမှာ အရေကြည်ဖုတွေနဲ့ အခြားပြသနာတွေရှိိမရှိဆိုတာကို အမြဲဂရုစိုက်ပြီးကြည့်နေဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုးအရေကြည်ဖုတွေကိုကာကွယ်နိုင်ဖို့အတွက် -
• လက်တွေ၊ လက်ဖဝါးတွေ၊ ခြေထောက်နဲ့ ခြေဖဝါးတွေကို ပုံမှန်သေချာကြည့်ရှုစစ်ဆေးပေးရပါမယ်။
• ကိုယ့်ခြေထောက်နဲ့တော်တဲ့ ရှူးဖိနပ်ကို ရွေးချယ်ပြီးစီးပါ။ ခြေထောက်ကို ထိခိုက်စေနို်င်တဲ့ဖိနပ်တွေမစီးပါနဲ့၊
• ခြေထောက်ထိခိုက်ဒဏ်ရာမရစေဖို့အတွက် ရှူးဖိနပ်နှင့်ခြေအိတ်ဝတ်ဆင်ပါ။
• ကပ်ကြေးကဲ့သို့သော လက်ကိုအဖုဖြစ်စေနိုင်တဲ့အရာတွေကိုကိုင်တွယ်တဲ့အခါမှာ လက်အိတ်ဝတ်ဆင်ပါ။
• ခရမး်လွန်ရောင်ခြည်ထိတွေ့မှုကိုတတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အပြင်ထွက်လျှင် နေကာခရင်လိမ်းပါ။
• ခြေထောက်မှာအခြားပြသနာများတွေ့ပါက ဆရာဝန်နဲ့ပြသနပါ။
• ဆီးချိုကြောင့်ဖြစ်တဲ့အရေကြည်ဖုတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အရေးအကြီးဆုံးအဆင့်ကတော့ သွေးတွင်းသကြားဓာတ်ပမာဏကို သေချာထိန်းထားနိုင်ဖို့ပဲဖြစ်ပါတယ်။ သောက်ဆေးတွေ၊ အစားအသောက်၊ အနေအထိုင်နဲ့ ထိန်းထားနိုင်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်သွားပြဖို့လိုသလဲ
ဆီးချိုရောဂါရှိသူတွေက မိမိရဲ့ အရေပြားမှာ အရေကြည်ဖုအပါအဝင် တစ်ခုခုပြောင်းလဲတာကိုတွေ့တာနဲ့ ဆရာဝန်နဲ့ ဆွေးနွေါ်တိုင်ပင်သင့်ပါတ်။ ချက်ချင်းကုသမှုခံယူသင့်တဲ့လက္ခဏာတွေကတော့-
• အရေပြားများရောင်ရမ်းခြင်း
• အနာဖြစ်တဲ့အနားတစ်ဝိုက်ကအရေပြားတွေက နီနေခြင်း၊ ရောင်နေခြင်း
• အရေကြည်ဖုပတ်လည်တွင် ပူနွေးနေသလိုခံစားရခြင်း
• နာကျင်ခြင်း
• ကိုယ်ပူခြင်း
>> မှတ်သားရန်အချက်များ
ဆီးချိုကြောင့်ဖြစ်တဲ့အရေကြည်ဖုတွေက ဖြစ်ခဲတဲ့အရာဖြစ်ပြီး ဆီးချိုကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီရေကြည်ဖုတွေက နာကျင်မှုမရှိဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ သို့သော်လည်း နောက်ဆက်တွဲအနေနဲ့ ရောဂါပိုးဝင်နိုင်တဲ့အတွက် အရေကြည်ဖုဖြစ်လာပြီ အထူးသဖြင့် အခြားပြသနာတွေနဲ့တွဲပြီးဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ဒီအရေကြည်ဖုတွေကိုကာကွယ်နိုင်မယ့် အဆင့်အချိုကတော့ အရေပြားကိုပုံမှန်စစ်ဆေးကြည့်ရှုခြင်းနဲ့ အရေပြားကိုထိခိုက်ဒဏ်ရာမရစေဖို့အတွက် အတတ်နိုင်ဆုံးကာကွယ်ခြင်းဖြစ်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေအတွက် အရေကြည်ဖုတွေအပြင် အခြားနောက်ဆက်တွဲဆိုးကျိုးတွေကိုရှောင်ရှားနိုင်မယ့် အရေးကြီးဆုံးအချက်ကတော့ သွေးတွင်းသကြားဓာတ်ပမာဏကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























