/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုသွေးချိုရောဂါရှိရင်-မျက်လုံးကို-ပုံမှန်စစ်ဆေးပေးပါ

ဆီးချိုသွေးချိုရောဂါရှိရင် မျက်လုံးကို ပုံမှန်စစ်ဆေးပေးပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ ဆီးချိုနောက်ဆက်တွဲ အမြင်အာရုံချို့ယွင်းမှု ရှိ၊ မရှိ သိရအောင် မျက်လုံးကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုစစ်ဆေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ စောစောသိတဲ့အခါ စောစောကုသမှုခံယူပြီး အမြင်အာရုံဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

>>  ဆီးချိုသွေးချိုရောဂါမှာ ဘာကြောင့် အမြင်အာရုံထိခိုက်ရတာလဲ?
သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တဲ့အခါ များပြားလာတဲ့ သကြားဓာတ်တွေက မျက်ကြည်လွှာကို ထောက်ပံ့နေတဲ့ သွေးကြောသေးသေးလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အချိန်ကြာလာတဲ့အခါ သွေးကြော လုံးဝပျက်စီးပြီး မျက်ကြည်လွှာဆီ သွေးမရောက်တော့လို့ အမြင်အာရုံထိခိုက်မှု ဖြစ်လာရတာပါ။

Diabetone 1

>>  ဆီးချိုနောက်ဆက်တွဲ အမြင်အာရုံထိခိုက်တာဟာ ဘယ်သူတွေမှာ ပိုပြီးဖြစ်နိုင်သလဲ?
●  ကိုယ်ဝန်ဆောင်ဆီးချိုရှိသူတွေ
●  ဆီးချိုရှိတာ အချိန်ကြာတဲ့သူတွေ
●  ဆီးချိုကောင်းကောင်းမထိန်းနိုင်သူတွေ
●  ဆေးလိပ်သောက်သူတွေ
●  နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်း အစရှိတဲ့ အခြားရောဂါတွေပါ တွဲရှိနေသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။

Diabetone 2

>>  ဆီးချိုသွေးချိုရောဂါရှိရင် မျက်လုံးကျန်းမာရေးကို ဘယ်အချိန်မှာ စစ်ဆေးသင့်သလဲ?
အမျိုးအစား-၁ ဆီးချိုဆိုရင် ရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်းနဲ့ အမျိုးအစား-၂ ဆီးချိုဆိုရင် ရောဂါရှိမှန်းသိသိချင်း ပထမဆုံးအကြိမ် မျက်လုံးကျန်းမာရေး စစ်ဆေးပေးသင့်ပါတယ်။ ဒါပြီးရင်တော့ တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးပေးသွားပါ။

>>  ဆီးချိုနောက်ဆက်တွဲ အမြင်အာရုံချို့ယွင်းမှုမရှိအောင် ဘယ်လိုကာကွယ်ရမလဲ?
●  ဆီးချိုသွေးချိုရောဂါကို သေချာကုသမှုခံယူပါ။ သက်ဆိုင်ရာဆရာဝန်များနှင့် ရက်ချိန်းသေချာပြပါ။
●  ဆေးလိပ်သောက်သူဆိုရင် ဆေးလိပ်ဖြတ်ပါ။
●  အဝလွန်သူတွေ ကိုယ်အလေးချိန်လျှော့ပါ။ ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။
●  ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရစုံလင်မျှတတဲ့ အစားအသောက်တွေကို စားသောက်ပါ။

Dr. Aye Hsu Mon (www.drmyanmar.com)