/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးထဲ-သွေးပါခြင်း-အကြောင်းအရင်းများ

ဆီးထဲ သွေးပါခြင်း အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးထဲမှာ သွေးပါတာမျိုးဖြစ်ရင် ကြောက်တတ်ကြမှာပါ။ သွေးပါတာမှာ ဒီတိုင်းမျက်စိနဲ့ မြင်ရတာရယ်၊ microscope နဲ့ ကြည့်မှ မြင်ရတာရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဆီးထဲ သွေးပါခြင်းရဲ့လက္ခဏာတွေကတော့ -
ဆီးက ပန်းရောင်၊ အနီ ဒါမှမဟုတ် ကိုကာကိုလာရောင် ဖြစ်တတ်ပါတယ်။ ဆီးအရောင်ပြောင်းဖို့အတွက်က သွေးပမာဏ နည်းနည်းပဲ ပါရုံနဲ့လည်း ပြောင်းပါတယ်။ ဆီးထဲမှာ သွေးပါရုံနဲ့ မနာတတ်ပေမယ့် သွေးခဲပါတဲ့အခါ နာတတ်ပါတယ်။
တချို့ဆေးတွေ ဥပမာ - ဝမ်းနှုတ်ဆေး၊ ဘယ်ရီသီးလို အနီရောင်ရှိတဲ့ အသီးတွေကလည်း ဆီးကို အနီရောင်ပြောင်းစေပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။
အစားအစာကြောင့် အရောင်ပြောင်းတာလား ဆီးထဲ သွေးပါတာလားဆိုတာ သင်ကိုယ်တိုင်ခွဲဖို့ မလွယ်တာကြောင့် ဆီးနီပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

>>  ဘာကြောင့် ဆီးထဲ သွေးပါတာလဲ?
●  ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ - ဆီး အနံ့ နံမယ်၊ ဆီး ခဏခဏ သွားချင်မယ်၊ ဆီးသွားရင် နာတာ၊ ပူတာတွေ ဖြစ်မယ်၊၊ အသက်ကြီးတဲ့လူတွေမှာတော့ တခြားလက္ခဏာတွေ မပြတာလဲ ဖြစ်နိုင်ပါတယ်။
●  ကျောက်ကပ် ပိုးဝင်ပြီး ရောင်တာ - ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေနဲ့တူပြီး ကျောက်ကပ် ပိုးဝင်တဲ့အခါမှာတော့ ဖျားတာ၊ ခါးနာတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။
●  ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ - စစဖြစ်ချင်းမှာ နာတာ ကျင်တာမရှိဘဲ အချိန်ကြာလာပြီး တစ်နေရာရာမှာ ပိတ်ဆို့တဲ့အခါမှသာ သိကြပါတယ်။ နာတာက အရမ်းဆိုးတတ်ပါတယ်။
●  ဆီးကျိတ် ကြီးလာတာ - ယောကျာ်းလေးတွေ အသက်ကြီးလာရင် အဖြစ်များပါတယ်။ သူကြီးလာရင် ဆီးပိုက်ကိုဖိတာကြောင့် ဆီးကောင်းကောင်း မထွက်ဘဲ ဖြစ်တတ်ပါတယ်။ ဆီးသွားရခက်တာ၊ ဆီးခဏခဏ သွားချင်တာ၊ ဆီးမထိန်းနိုင်တာ စတဲ့ လက္ခဏာမျိုးတွေ ရှိပါတယ်။ ဆီးကျိတ်ပိုးဝင်ရင်လည်း ဒီလက္ခဏာမျိုးတွေ တွေ့ရပါတယ်။
●  ကျောက်ကပ်ရောဂါ - ကျောက်ကပ်ရောင်တဲ့အခါမှာ ဆီးထဲ သွေးပါတတ်ပါတယ်။
●  ကင်ဆာ - ကျောက်ကပ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေမှာ ဆီးထဲ သွေးပါတတ်ပါတယ်။ ဒါပေမဲ့ ရောဂါ စစဖြစ်ချင်းမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။
●  ကျောက်ကပ်ကို ထိခိုက်မိတာ - အားကစားလုပ်ရင်းပဲဖြစ်ဖြစ်၊ မတော်တဆမှုကြောင့်ပဲဖြစ်ဖြစ် ထိခိုက်မိတဲ့အခါ ဆီးထဲ သွေးပါတယ်ပါတယ်။
●  ဆေးတွေ - ကင်ဆာဆေးတွေ၊ သွေးကျဲဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
●  လေ့ကျင့်ခန်း အပြင်းအထန် လုပ်တဲ့အခါ - ရှားပေမယ့် ဖြစ်တတ်ပါတယ်။ ထိခိုက်မိတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ဒါမှမဟုတ် အပြင်းအထန် လေ့ကျင့်ခန်း လုပ်မိလို့ သွေးနီဥတွေ ပြိုကွဲတာနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ အပြေးသမားတွေမှာ တွေ့ရများပါတယ်။

>>  ဆီးထဲ သွေးပါခြင်း အဖြစ်များတဲ့လူတွေ
လူတိုင်းဖြစ်နိုင်ပေမယ့် -
●  အသက် ၅၀ နဲ့အထက် ယောကျာ်းတွေမှာ ဆိးကျိတ်ကြီးတာ အဖြစ်များပါတယ်။
●  လတ်တလော အဆုတ်ပိုးဝင်တာ၊ ဖျားထားတာမျိုး ရှိရင်
●  မိသားစုထဲမှာ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ် ကျောက်တည်တတ်တဲ့ လူရှိရင်
●  သွေးကျဲဆေး၊ ကင်ဆာဆေး၊ ပိုးသတ်ဆေး သောက်နေရတဲ့ လူတွေ
●  အားကစားသမားတွေ စတာတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

Dr. Htar (www.drmyanmar.com)