/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးအိမ်ပြဿနာနဲ့-သူ့ရဲ့လက္ခဏာရပ်များ

ဆီးအိမ်ပြဿနာနဲ့ သူ့ရဲ့လက္ခဏာရပ်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ခန္ဓာကိုယ်မှာ ဆီးအိမ်ရဲ့ အရေးပါပုံကို ဆီးသွားချင်လို့ အိမ်သာပြေးရတဲ့ အချိန်မျိုးမှာသာ သတိပြုမိပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ တချို့တွေမှာ အိမ်သာသွားရတဲ့ အကြိမ်အရေအတွက် ပိုပိုစိပ်လာတာ၊ ဆီးသွားတဲ့အခါ အရောင် ပြောင်းလာတာမျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေဟာ ခန္ဓာကိုယ်ရဲ့ အချက်ပေးသံတွေ ဖြစ်တာကြောင့် သတိပြုသင့်ပါတယ်။ ဒါကို အမှတ်မထားမိဘဲ သေချာစစ်ဆေး ကုသမှုမခံမိပါက အခြေအနေ ပိုဆိုးပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။

          ဒါကြောင့် ဆီးနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့ လက္ခဏာ 4 ရပ်ကို မသိလိုက်ရ မရှိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ကြုံလာရပြီ ဆိုရင်တော့ ရှက်လို့ ကြောက်လို့ဖြစ်စေ၊ အရေးမကြီးဘူး ထင်လို့ဖြစ်စေ ဆရာဝန်နဲ့ မပြသမိတာမျိုး မဖြစ်စေပါနဲ့။ ဆရာဝန်နဲ့ ပြပြီးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

 

>>    ဆီးအိမ်ပြဿနာလေးရပ်

•       ဆီးထဲ သွေးပါခြင်း

          ဆီးအရောင်ဟာ ပန်းရောင်၊ အနီရောင် ပြောင်းသွားတဲ့အခါ သွေးပါတာကို သိသိသာသာ သိနိုင်ပေမယ့် တစ်ခါတလေ မျက်စိနဲ့ မမြင်နိုင်ဘဲ အဏုမြူမှန်ပြောင်းနဲ့ကြည့်မှ မြင်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ ဆရာဝန်နဲ့ ပြသပြီး သွေး ပါ၊ မပါ စစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်။

          ဆီးထဲ သွေးပါခြင်းဟာ ပိုးဝင်ခြင်း၊ ကျောက်ကပ်နဲ့ ဆီးအိမ် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ စတဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်။

 

•       ဆီးအရောင် ရင့်ခြင်း

          ပုံမှန် ဆီးအရောင်ဟာ အဝါရောင်ဖျော့ဖျော့သာ ဖြစ်သင့်ပေမယ့် ဆီးအရောင် ရင့်နေတာဟာ ရေများများသောက်ဖို့ လိုအပ်နေကြောင်းပြတာ ဖြစ်နိုင်ပါတယ်။ ရေများများ သောက်ရက်နဲ့ ဆီးအရောင် ရင့်နေသေးတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

 

•       ဆီးသွားတဲ့အကြိမ် စိပ်လာခြင်း

          တချို့တွေမှာ ဆီးအိမ် သေးနေတာ၊ ရေအသောက် များတာတွေကြောင့် ဆီး မကြာခဏ သွားရတာမျိုး ရှိတတ်ပေမယ့် ဒီလိုမဟုတ်ဘဲ မကြာခဏ ဆီးသွားနေတယ် ဆိုရင်တော့ အသက်ကြီးလာတာ၊ ဆီးကျိတ်ကြီးတာ၊ ရောဂါပိုး ဝင်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြပြီး ကုသတာပါပဲ။

 

•       ဆီးအောင့်ခြင်း၊ ဆီးနောက်ခြင်း

          ဆီးအောင့်တာ၊ ဆီးနောက်တာမျိုး ဖြစ်လာခဲ့ရင် ရောဂါပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အနံ့ဆိုး,ဆိုးတွေ ထွက်လာတယ်ဆိုရင် ပိုဖြစ်နိုင်ပါသေးတယ်။ ဒီလို ရောဂါပိုး ဝင်တာကို ဆီးစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)