/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ?

•        ဆေးလိပ်ဖြတ်ပြီး မိနစ် 20 ကြာတာနဲ့ သွေးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေက ပုံမှန်ကို စပြီး ဦးတည်လာပါပြီ။ လက်တွေ၊ ခြေထောက်တွေကလည်း ပုံမှန်အပူချိန်အတိုင်း ပြန်လည်နွေးထွေးလာပါတယ်။

•        8 နာရီ ကြာပြီးနောက်မှာတော့ သွေးတွင်းမှာ နီကိုတင်းနဲ့ ကာဘွန်မိုနောက်ဆိုက်ဓာတ်တွေ တစ်ဝက်လောက် လျော့ကျသွားပါပြီ။ ကာဘွန်မိုနောက်ဆိုက်က စီးကရက်ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဒါက သွေးထဲက အောက်ဆီဂျင်တွေကို ဖယ်ရှားပစ်ပါတယ်။ ဒီအခါမှာ ဦးနှောက်နဲ့ ကြွက်သားတွေဆီကို အောက်ဆီဂျင် အလုံအလောက် မရောက်တော့ဘဲ ပြဿနာ ဖြစ်စေပါတယ်။ ဒီဓာတုပစ္စည်းပမာဏ ကျဆင်းလာတဲ့အခါမှာ အောက်ဆီဂျင်ပမာဏလည်း ပုံမှန်အတိုင်း ပြန်တက်လာပါတယ်။

•        ဆေးလိပ်ဖြတ်ပြီး နေ့တစ်ဝက်လောက် အကြာမှာတော့ သွေးတွင်းမှာရှိတဲ့ ကာဗွန်မိုနောက်ဆိုက် ပမာဏ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ ဒီအခါမှာ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် လုံလောက်စွာ ရောက်ရှိဖို့အတွက် နှလုံးက အရမ်းညှစ်စရာ မလိုတော့တဲ့အတွက် နှလုံးက ကျေးဇူးတင်ပါလိမ့်မယ်။

•        24 နာရီအကြာမှာတော့ ဆေးလိပ်သောက်တဲ့သူထက်် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ တစ်ဝက်လောက် လျော့နည်းသွားပါပြီ။

•        ဆေးလိပ်ဖြတ်ပြီး 2 ရက်အကြာမှာ အရသာရှိတဲ့ အစားအစာတစ်ခုခုနဲ့ မိမိကိုယ်ကို ဂုဏ်ပြုလိုက်ပါ။ 48 နာရီ ကြာတဲ့အခါမှာ အာရုံကြောအဆုံးလေးတွေ စပြီး အနာကျက်လာပြီ ဖြစ်တဲ့အတွက် အရသာခံနိုင်စွမ်း၊ အနံ့ခံနိုင်စွမ်းလည်း ပိုပြီးကောင်းလာပါတယ်။

          ခန္ဓာကိုယ်တစ်ခုလုံးက ပြန်လည်သန့်စင်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေပါတယ်။ အဆုတ်ထဲက အချွဲတွေကို စွန့်ထုတ်လိုက်နိုင်ပြီး ခန္ဓာကိုယ်ထဲမှာ နီကိုဒင်းဓာတ် အပြီးတိုင် ကွယ်ပျောက်သွားပါပြီ။

          ဆေးလိပ်ဖြတ်ပြီးနောက် လက္ခဏာတွေ ခံစားရတဲ့ အခက်ခဲဆုံးအချိန်လည်း ဖြစ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ ထိုင်းမှိုင်းခြင်း၊ ဆာလောင်ခြင်း၊ မောပန်းခြင်း စတာတွေအပြင် ခေင်းကိုက်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်းနဲ့ စိတ်ကျခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက ဖြစ်နေကျလက္ခဏာတွေဖြစ်ပြီး ဒါကို ဖြတ်ကျော်နို်င်ဖို့ လိုပါတယ်။

          ကိုယ်အစီအစဉ် ဆွဲထားတဲ့အတိုင်း လုပ်ပါ။ ဆေးလိပ်သောက်ဖို့ မဖြစ်နိုင်တဲ့နေရာတွေဖြစ်တဲ့ ရုပ်ရှင်၊ စတိုးဆိုင် စတာတွေကို သွားပါ။ ကိုယ့်ကို အားပေးမယ့် သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု ဆွေမျိုးတွေနဲ့ စကားပြောပါ။

          ပန်းနာရင်ကျပ် ရှိသူတွေအတွက် ဒီလက္ခဏာတွေက ပိုဆိုးရွားနိုင်ပါတယ်။ ဒါက ရောဂါနဲ့ ရောထွေးနိုင်ပေမယ့် ဆေးလိပ်ဖြတ်လို့ဖြစ်တဲ့ လက္ခဏာတွေက မကြာတဲ့အတွက် ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ 3 ရက်လောက်နေရင် တိုးတက်မှု ရှိလာပါလိမ့်မယ်။

•        3 ရက် ကြာပြီးနောက် အသက်ရှူလို့ ပိုကောင်းလာပြီး အားအင်တွေလည်း ပိုပြည့်လာသလို ခံစားရပါလိမ့်မယ်။ အဆုတ်က နလန်စထူလာပြီး ဒီအချိန်ကနေစ ပိုမိုကောင်းမွန်လာပါပြီ။

•        2 ပတ်မှ 3 လ အတွင်းမှာတော့ ကြီးမားတဲ့ကောင်းကျိုးတွေ ရရှိနေပါပြီ။ အဆုတ်တွေက ပိုသန့်ရှင်းပြီး အားကောင်းလာကာ သွေးစီးဆင်းမှုလည်း ပိုကောင်းလာတဲ့အတွက် အလုပ်တွေ ပိုလုပ်လာနိုင်စေပါတယ်။ လေ့ကျင့်ခန်းတွေ ပိုလုပ်လာနို်င်သလို နှလုံးကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

          ဆေးလိပ်ဖြတ်တဲ့ အဆိုးဆုံးအချိန်တွေကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်ပါပြီ။

          ဒါပေမဲ့လည်း ဆေးလိပ်သောက်ချင်တဲ့ အာသီသ ဆက်ရှိနေနိုင်ပါသေးတယ်။ ဆေးလိပ် သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါတွေအားလုံးကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်အတိုင်း ဆက်ကြိုးစားပါ။ လိုအပ်ရင် အကူအညီရှာပါ။ ဆေးလိပ် ဖြတ်လိုက်တဲ့အတွက် ပိုက်ဆံတွေ ပိုထွက်လာတာကို တွေးကြည့်ပါ။ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်တာ 10 ကြိမ်လောက် လုပ်ကြည့်ပါ။

•        ဆေးလိပ်ဖြတ်ပြီး 3 - 9 လမှာတော့ အသက်ရှူတာ ပိုပြီးကောင်းမွန် သန့်စင်လာပါတယ်။ အားအင်တွေ ပိုရလာပါပြီ။

 

•       1 နှစ်

          1 နှစ်ပြည့်ပြီးရင်တော့ မှတ်တိုင်တစ်ခုကို ထူနိုင်ပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပါ။ နှလုံးရောဂါ ဖြစ်နိုင်ခြေကလည်း အရင်နှစ်ကထက်စာရင် တစ်ဝက်လျော့လာပါပြီ။

 

•       5 နှစ်

          ဒီအချိန်မှာဆိုရင် လေဖြတ်နိုင်ခြေနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေတွေက ဆေးလိပ်မသောက်သူတွေနဲ့ အတူတူ ဖြစ်သွားပါပြီ။ ပထမစပြီး ဆေးလိပ်ဖြတ်တဲ့အချိန်နဲ့ ယှဉ်လိုက်ရင် ပါးစပ်၊ လည်ချောင်း၊ အစာပြွန်နဲ့ ဆီးအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေတစ်ဝက် လျော့ကျသွားပြီ ဖြစ်ပါတယ်။

 

•       10 နှစ်

          ဒီအချိန်အထိ ဆေးလိပ် ဆက်သောက်နေတဲ့သူနဲ့စာရင် မိမိက အဆုတ်ကင်ဆာနဲ့ သေဆုံးနိုင်ခြေ တစ်ဝက် လျော့ကျသွားပါပြီ။ အသံအိုးကင်ဆာနဲ့ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေလည်း ကျဆင်းသွားပြီ ဖြစ်ပါတယ်။

 

•       15 နှစ်

          နောက်ဆုံး ဆေးလိပ်ဖြတ်ပြီး 15 နှစ်အကြာမှာတော့ နှလုံးရောဂါ ဖြစ်နိုင်ခြေက ဆေးလိပ် လုံးဝမသောက်ဖူးသူတွေနဲ့ အတူတူ ဖြစ်သွားပါပြီ။ ခန္ဓာကိုယ်မှာလည်း ပြန််လည်ပြုပြင်ရေးတွေနဲ့ အနာကျက်တာတွေ များစွာပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

          ဆေးလိပ် စပြီးဖြတ်တဲ့အချိန်မှာတော့ ဒါက ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးလို့ ခံစားရပေမယ့် 15 နှစ်အကြာမှာ ဖြတ်ကာစ ရက်တွေမှာ ခံစားရတဲ့ ခေါင်းကိုက်တာတွေ၊ မအီမသာဖြစ်တာတွေက မှုန်မွှားတဲ့မှတ်ဉာဏ်လေးတွေအဖြစ်ပဲ ကျန်ခဲ့မှာပါ။ ဒါတွေက ခံစားနေတဲ့အချိန်မှာတော့ ဘယ်လိုမှ သည်းမခံနိုင်ပေမယ့် စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ကျော်လွှားသွားနိုင်မှာပါ။ ဆေးလိပ်ဖြတ်လို့ ရလာမယ့်အကျိုးတွေက ခံစားရတာတွေနဲ့ မနှိုင်းယှဉ်နိုင်အောင် တန်ဖိုးကြီးမားပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)