ဆေးလိပ် မသောက်ဘဲ အဆုတ်ကင်ဆာ ဖြစ်နိုင်သလား?
အဆုတ်ကင်ဆာဟာ အင်မတန် အဖြစ်များပြီး ကင်ဆာတွေထဲမှာ ဒုတိယလိုက်နေတဲ့ ကင်ဆာလည်း ဖြစ်တယ်နော်။
အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်တဲ့လူတွေမှာ အဖြစ်များတယ် ဆိုတာတော့ သိထားပြီးသား ဖြစ်ကြမှာပေါ့။ ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာဖြစ်နှုန်းကို ပိုပိုပြီးများစေနိုင်တယ်။ ဒါပေမဲ့ ဆေးလိပ်မသောက်တဲ့ လူတွေမှာလည်း ဖြစ်နိုင်သေးတယ်။ အဆုတ်ကင်ဆာကြောင့် ဆုံးပါးသူတွေထဲက ၂၀% လောက်ဟာ ဆေးလိပ်နဲ့ ပတ်သက်ပြီး ဘာမှမသုံးတဲ့လူတွေ ဖြစ်နေတတ်ပါတယ်။
အဲဒါကြောင့် ဆေးလိပ် မသောက်တဲ့လူတွေမှာ ဘာကြောင့်ဖြစ်တတ်တယ်ဆိုတာကို သိထားဖို့တော့ လိုလာပြီနော်။
>> ဆေးလိပ်ငွေ့တစ်ဆင့်ခံ ရှူရှိုက်မိခြင်း
ဆေးလိပ်ငွေ့ကို တစ်ဆင်ခံရှူရှိုက်မိခြင်းက အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တယ်။ ဆေးလိပ်ငွေ့တွေထဲမှာပါတဲ့ အဆိပ်ဓာတ်ဟာ အဆုတ်ကို ပျက်စီးစေပြီး ကင်ဆာ ပြောင်းစေနိုင်တယ်။
ဆေးလိပ်သောက်တဲ့လူတွေနဲ့ တစ်အိမ်ထဲ အတူနေတာပဲဖြစ်ဖြစ်၊ ဘေးပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တတ်သူတွေ ရှိနေတာပဲဖြစ်ဖြစ် ဆေးလိပ်ငွေ့ကို ရှူရှိုက်မိကြမှာပါ။ ဒီလို တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာဖြစ်ပွားမှုကို ရှောင်ကြဉ်နိုင်ဖို့ လူအများကြားထဲ ဆေးလိပ်သောက်တာကို တားမြစ်ထားတဲ့နေရာတွေလည်း ရှိတယ်။
ဒီလို ဆိုးရွားလှတဲ့အဆိပ်ဓာတ်တွေကို ရှောင်ရှားနိုင်ဖို့ ဆေးလိပ်ငွေ့ ထူတဲ့နေရာတွေကို ရှောင်တာ၊ အိမ်ထဲ၊ ကားထဲမှာ ဆေးလိပ် မသောက်ခိုင်းတာမျိုးတွေ လုပ်လို့ရတယ်။
>> ရေဒန်ဓာတ်ငွေ့ (Radon)
Radon ငွေ့ဆိုတာဟာ မြေကြီးတွေ၊ ကျောက်တုံးတွေမှာပါတဲ့ အဆိပ်ငွေ့တစ်မျိုးဖြစ်ပြီး မမြင်ရ၊ အနံ့မရ၊ အရသာမရှိတဲ့ အငွေ့တစ်မျိုးပေါ့။ တချို့အိမ်တွေ၊ အဆောက်အအုံတွေဟာ radon ပါတဲ့မြေပေါ် ဆောက်မိတာမျိုး ရှိနိုင်တယ်။
ဒီလိုမြေပေါ်မှာ နေရုံ၊ အလုပ်လုပ်ရုံနဲ့ အဆုတ်ကင်ဆာ ဖြစ်မယ်လို့တော့ မဆိုလိုပေမယ့် အကြာကြီး ထိတွေ့မိနေရင်တော့ ဖြစ်လာနိုင်တာပေါ့။ ဒီအငွေ့ဟာ အဆုတ်ကို တဖြည်းဖြည်းချင်း ထိခိုက်စေပြီးတော့ ကင်ဆာဆဲလ်အဖြစ်ကို ပြောင်းလဲလာစေတယ်။ Radon အငွေ့ဟာ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ ဒုတိယအကြောင်းရင်းလည်း ဖြစ်နေတယ်။
ဒီအငွေ့ထွက်နေတဲ့မြေကို ဒီအတိုင်း မသိနိုင်ဘူး။ သိချင်ရင် စစ်ဆေးကြည့်မှပဲ ရမယ်။
အကယ်၍ စစ်ဆေးကြည့်လို့ 1 လီတာမှာ 4 picocuries လောက် ပါနေတယ်ဆိုရင်တော့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါတော့မယ်။ အခန်းထဲကနေ အငွေ့တွေ အပြင်ထွက်အောင် လေစုပ်စက် တပ်တာ၊ အငွေ့တွေ အခန်းထဲမဝင်အောင် အခန်းကို လုံအောင်ထားတာမျိုးတွေ လုပ်လို့ရတယ်နော်။
>> အလုပ်ကြောင့် ထိတွေ့မိခြင်း
အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အက်စ်ဘတ်စ်တို့ asbestos, အာစန်းနစ် arsenic, ကျောက်မီးသွေးနဲ့ နစ်ကယ်တွေကို အကြာကြီး ထိတွေ့မိရင် အဆုတ်ကို ပျက်စီးစေပြီး အဆုတ်ကင်ဆာ ဖြစ်လာနိုင်တယ်။
အလုပ်မှာ လေကို သန့်ရှင်းအောင်ထားခြင်းက ဒီပစ္စည်းတွေကြောင့် အဆုတ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တယ်။ ပြီးတော့ အဆုတ်ကို အမှုန်အမှိုက်တွေ၊ အငွေ့တွေကနေ ကာကွယ်ဖို့အတွက် မျက်နှာဖုံးလိုမျိုး၊ အသက်ရှူကိရိယာလိုမျိုး အကာအကွယ်တွေ သေချာဝတ်ဖို့ လိုတယ်။
အလုပ်မှာ ဒီပစ္စည်းတွေနဲ့ ထိခိုက်မိနေတာကို နာတာရှည် ချောင်းဆိုးလာတာ၊ နှာရည် တောက်တောက်ကျတာ၊ လည်ချောင်း ခြောက်တာတွေနဲ့ သိနိုင်တယ်။
>> ပြင်ပလေထု ညစ်ညမ်းခြင်း
ပြင်ပလေထုထဲမှာ သတ္တုဓာတ်တွေ၊ စက်အိပ်ဇောငွေ့တွေ၊ စိုက်ပျိုးရေး ထွန်ယက်ရာကနေ ထွက်လာတဲ့အငွေ့တွေ၊ ကားတွေ၊ ရထားတွေ၊ စက်ရုံတွေကနေ ထွက်လာတဲ့အငွေ့တွေနဲ့ ညစ်ညမ်းလာခြင်းဟာလည်း အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သေးတယ်နော်။
ရှူရှိုက်လိုက်တဲ့ ဒီပစ္စည်းတွေကို အဆုတ်က မဖျက်စီးနိုင်တဲ့အတွက် အဆုတ်ထဲမှာ ပုံပုံလာပြီးတော့ အဆုတ်ကင်ဆာအဖြစ် ပြောင်းလဲနိုင်ပါတယ်။
လေထုညစ်ညမ်းတာကို ရှောင်ဖို့ကတော့ ခက်ခဲလှတယ်။ အပြင်ထွက်တာကို လျှော့ခြင်းအားဖြင့် ကာကွယ်နိုင်တယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အပြင်ဘက်မှာ အလုပ်လုပ်ရသူတွေ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူတွေ၊ ဆီးချိုရှိသူတွေမှာ ပိုဖြစ်နိုင်တယ်။
>> မျိုးရိုးဗီဇ
ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပွားနှုန်းပြင်နှုန်းတွေကို မျိုးရိုးဗီဇက ထိန်းချုပ်ထားတယ်။ တချို့လူတွေမှာ ကင်ဆာဖြစ်နှုန်း ပိုများတတ်တယ်။ အဆုတ်ကင်ဆာ ဖြစ်စေတတ်တဲ့ အညစ်အကြေးတွေကို မစွန့်ပစ်နိုင်လို့လည်း ဖြစ်တတ်တယ်။ ဒါကြောင့် မျိုးရိုးထဲမှာ အထူးသဖြင့် မိဘ၊ မောင်နှမနဲ့ ဆွေမျိုးတွေ အများကြီးမှာ အဆုတ်ကင်ဆာရှိဖူးရင် ဆေးလိပ် မသောက်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်။
မျိုးရိုးကိုတော့ ပြင်လို့မရပေမယ့် ဆေးလိပ်ကို ရှောင်တာ၊ အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းတာကို ရှောင်တာ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူတာကို ရှောင်တာမျိုးတွေ လုပ်ပေးလို့ရတယ်။
>> နောက်ဆုံးပြောရမယ်ဆိုရင်
ဆေးလိပ် တစ်ခါမှ မသောက်ဖူးရုံနဲ့ အဆုတ်ကင်ဆာ မဖြစ်ဘူးလို့ ပြောလို့မရဘူးနော်။ ဆေးလိပ် မသောက်တဲ့လူတွေမှာလည်း ဖြစ်နိုင်လု့ိ သူ့ရဲ့ရောဂါလက္ခဏာတွေကို သတိထားဖို့ လိုပါလိမ့်မယ်။ ချောင်း တောက်လျှောက်ဆိုးနေတာ၊ ချောင်းဆိုး သွေးပါတာ၊ အားအင်ကုန်ခန်းနေတာ၊ ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန် ကျနေတာတွေကို သတိထားရပါမယ်။
အဆုတ်ကင်ဆာရဲ့ အသက်ရှင်နှုန်းဟာ ဘယ်အဆင့်မှာ သတိထားမိလဲဆိုတာပေါ် မူတည်နေလို့ စောစောသိ စောစောကုတာက အကောင်းဆုံးရလဒ်ကို ရစေပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























