ညအိပ်ရင် ဟောက်တတ်သူတွေအတွက် ဟောက်တာကို ရပ်တန့်နိုင်မယ့် နည်းလမ်းကောင်းလေးများ
အိပ်ရင်ဟောက်တတ်သူများအတွက် တစ်ခါတလေမှာ ဘေးလူက ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဟောက်ခြင်းဟာ ချစ်သူလင်မယားတွေကြားမှာ စိတ်ညစ်စရာဖြစ်စေသလို ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများသက်ရောက်စေနိုင်ပါတယ်။ ဒါပေမဲ့ ဟောက်တာကို လျှော့ချနိုင်မယ့်နည်းလမ်းလေးတွေလည်း ရှိသေးတာ ဝမ်းသာစရာပါပဲ။
>> အဝလွန်နေပါက ဝိတ်ချပါ
ကိုယ်အလေးချိန် လျော့ကျပါက သင့်လည်မျို အနောက်ဘက်ရှိ အဆီတစ်သျှူးတွေပါ နည်းပါးသွားပြီး ဟောက်ခြင်းကို သက်သာစေပါလိမ့်မယ်။
>> ညနေ၆နာရီနောက်ပိုင်း အရက်မသောက်ပါနှင့်
အရက်သောက်ခြင်းကြောင့် ကြွက်သားများ အလွန်အမင်း ပြေလျော့ခြင်းနဲ့အတူ နူးညံ့သောတစ်သျှူးများ ဖောင်းပွခြင်းကို ဖြစ်စေတဲ့အတွက် ဟောက်ခြင်း ဖြစ်ပေါ်စေပါတယ်။
>> အိပ်ဆေးသောက်ခြင်း မပြုလုပ်ပါနှင့်
အိပ်ဆေးအချို့က သင့်အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြေလျော့စေတဲ့အတွက် ဟောက်ခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်လို့ပါ။
>> ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ကြောင့် အသက်ရှူလမ်းကြောင်းရှိ နူးညံ့သောတစ်သျှူးများကို ဖောင်းစေပြီး ဟောက်ခြင်းဖြစ်စေဖို့ ပိုမိုအလားအလာများစေပါတယ်။
>> နှာပိတ်ခြင်းကို ကုသပါ
နှာပိတ်ခြင်းကြောင့် အသက်ရှူခြင်းကို ခက်ခဲစေပြီး လည်မျိုအတွင်းတွင် လေဟာနယ် ဖြစ်ပေါ်စေတာမို့ ဟောက်ခြင်းဖြစ်ပေါ်စေပါတယ်။
>> ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ၊ ပုံမှန်အိပ်ချိန် ထားရှိပါ
လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပြီး ပုံမှန်အိပ်ရာဝင်ချိန်ထားရှိခြင်ဖြင့် ဟောက်တာကို သက်သာစေပါတယ်။
>> ဘေးတစ်စောင်းအိပ်ပါ
ပက်လက်အိပ်ခြင်းဖြင့် လျှာနဲ့တကွ အသက်ရှူလမ်းကြောင်းရှိ နူးညံ့တဲ့တစ်သျှူးများကို ပြေလျော့စေပြီး အသက်ရှူပိတ်စေပါတယ်။
ကဲ … ဟောက်တတ်တဲ့ ကိုကို၊ မမတို့ရေ ဒီနည်းလမ်းတွေသုံးကြည့်ပြီး ဟောက်တတ်တဲ့အကျင့်ကို အဆုံးသတ်လိုက်တော့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























