/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညောင်းညာနေတဲ့ခြေထောက်လေး-အညောင်းပြေအောင်

ညောင်းညာနေတဲ့ခြေထောက်လေး အညောင်းပြေအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တစ်နေကုန်လမ်းလျှောက်ရလို့ ခြေထောက်လေးတွေ ညောင်းညာနေပြီဆိုရင် လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေမပါဘဲ ဘရပ်ချ်နဲ့ တိုက်ပေးခြင်း
နူးညံ့တဲ့သဘာဝအမျှင်နဲ့လုပ်ထားတဲ့ ဘရပ်ချ်နဲ့ ရေမပါဘဲခြေထောက်ကို တိုက်ပေးတာကို ဆိုလိုပါတယ်။ ဒီလိုတိုက်ပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းစေပြီး စွမ်းအင်တွေ ပြန်တိုးစေနိုင်ကာ လင့်ပြန်ကြောစီးဆင်းမှုကိုလည်း အားကောင်းစေနိုင်ပါတယ်။ တစ်ဖက်တစ်လမ်းကနေလည်း အရေပြားကြေးချွတ်ပေးရာ ရောက်ပါသေးတယ်နော်။ ခြေဖဝါးကနေစပြီးအပေါ်ကိုပြန်တိုက်ပေးပါ။ ရေအေးအေးလေးမချိုးခင်မှာ ၅-၁၀ မိနစ်လောက် လုပ်ပေးပါ။

၂။ ရေနွေးနွေးလေးချိုးပါ။
ရေနွေးနွေးလေးစိမ်ခြင်းဟာ စိတ်ကိုပြေလျော့စေတဲ့အပြင် ခြေထောက်ကဖိအားကိုလည်း လျော့နည်းစေပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေနိုင်ပါတယ်။ ရေနွေးထဲကို ပင်လယ်ဆား၊ ဆားခါး၊ မုန့်ဖုတ်ဆိုဒါ စတာတွေကို ၂ ခွက်လောက် ထည့်စိမ်းပေးလည်းရပါတယ်။ အနည်းဆုံး မိနစ် ၂၀ လောက် စိမ်ပေးပါ။

၃။ ခြေထောက်ရေစိမ်ခြင်း
ခြေထောက်စိမ်ခြင်းဟာ ညောင်းညာကိုက်ခဲတာတွေကို သက်သာစေပြီး ရောင်ရမ်းတာကိုလည်း ပျောက်စေနိုင်ပါတယ်။
ရေနွေးနွေးလေးထဲကို ဆားခါး၊ ပင်လယ်ဆား ဒါမှမဟုတ် ဗီနီဂါ ထည့်ပြီး အနည်းဆုံးမိနစ် ၂၀ လောက် ခြေထောက်စိမ်ပေးပါ။

၄။ ပန်းသီးချဉ်ဗီနီဂါ
လေ့လာမှုတစ်ခုမှာ ပန်းသီးချဉ်ဗီနီဂါကို လိမ်းပေးခြင်းအားဖြင့် သွေးကြောထုံးလက္ခဏာတွေဖြစ်တဲ့ ကိုက်ခဲတာ၊ နာကျင်တာ၊ ညောင်းညာတာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
ခြေထောက်မှာ တိုက်ရိုက်လိမ်းကျံနိုင်သလို ရေနွေးထဲထည့်ပြီးတော့လည်း စိမ်နိုင်ပါတယ်။

၅။ RICE နည်းလမ်း
Rest - အနားယူပါ။ ခြေထောက်ကို ခဏအနားပေးပါ။
Ice - ရေခဲကပ်တာပဲဖြစ်ဖြစ်၊ ရေခဲထဲ ခြေထောက်ကို မိနစ် ၂၀ လောက် စိမ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ တစ်နေ့ကို အကြိမ်နည်းနည်းလောက် လုပ်ပေးပါ။
Compression - ဖိထားပေးပါ။ နာကျင်တာတွေ သက်သာစေဖို့ ပတ်တီးနဲ့ စည်းနှောင်ပေးထားပါ။
Elevation - မြှောက်ပေးထားပါ။ ရောင်ရမ်းနာကျင်တာတွေ သက်သာစေဖို့ ခြေထောက်အောက်မှာ ခေါင်းအုံးတွေခုခံပြီး ခြေထောက်ကို မြှောက်ပေးထားပါ။
ဒီနည်းလမ်းဟာ ရောင်ရမ်းတာကို သက်သာစေမယ့်အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။

၆။ နှိပ်နယ်ပေးပါ။
နှိပ်နယ်ပေးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် အနှိပ်ကျွမ်းကျင်သူတွေနဲ့ နှိပ်နယ်ပေးပါ။ ခြေထောက်နဲ့ခြေဖဝါးကို ဆီတစ်မျိုးမျိုးနဲ့ လိမ်းကျံပြီး နှိပ်နယ်ပေးလည်း ရပါတယ်။
နာတာကျင်တာ သက်သာပြီး သွေးလည်ပတ်မှုကောင်းစေဖို့ အကိုက်အခဲပျောက်ဆေး cream ကို လိမ်းပေးနိုင်ပါတယ်။

၇။ လေ့ကျင့်ခန်းပြုလုပ်ပါ။
ညောင်းညာနေတဲ့ခြေထောက်ကို အကြောပြေစေဖို့ လုပ်ပေးလို့ရတဲ့ ရိုးရိုးလေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒီလေ့ကျင့်ခန်းလေးတွေကို တစ်မိနစ်လောက် လုပ်ပေးရုံနဲ့ သွေးလည်ပတ်မှုကို ကောင်းစေနိုင်မှာပါ။
● ထိုင်နေရင်းနဲ့ ခြေဖဝါးအောက်မှာ တင်းနစ်ဘောလုံးအရွယ် ဘောလုံးလေးကိုထားပြီး လှိမ့်ပေးပါ။
● ခြေချင်းဝတ်ကို နာရီလက်တံအတိုင်း လှည့်ပေးပါ။ တစ်ဖက်ပြီးမှာတစ်ဖက်ကို လှည့်ပါ။ ကြမ်းပေါ်မှာ ခြေထောက်နဲ့ စက်ဝိုင်းပုံဆွဲနေတယ်လို့ သဘောထားပါ။ ထိုင်လျက်ဖြစ်စေ၊ မတ်တတ်ဖြစ်စေ လုပ်နိုင်ပါတယ်။
● မတ်တတ်ရပ်နေရင်းနဲ့ ခြေဖျားထောက်လိုက်၊ ပြန်ချလိုက်လုပ်ပေးပါ။
● နေရာမှာပဲ ကြိုးခုန်တာ၊ ထိုင်ထလုပ်တာ၊ ဖြည်းဖြည်းပြေးတာမျိုး လုပ်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)