/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တစ်ပတ်တစ်ခါ-ဥပုသ်ဆောက်တည်ရင်း-စိတ်ရောကိုယ်ပါ-တည်ငြိမ်လန်းဆန်းမှု

တစ်ပတ်တစ်ခါ ဥပုသ်ဆောက်တည်ရင်း စိတ်ရောကိုယ်ပါ တည်ငြိမ်လန်းဆန်းမှု ရယူလိုက်ကြရအောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဥပုသ်စောင့်တယ်လို့ ဆိုလိုက်တာနဲ့ မတူညီကွဲပြားတဲ့ ဘာသာရေးအရ ကုသိုလ်ရေး လုပ်ဆောင်ချက်လို့ တန်းမြင်ကြပါတယ်။ ဘာသာတရားအရ ကုသိုလ်ရမယ်။  ကောင်းကျိုးဖြစ်မယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဒီလောက်ပဲလား။ တကယ်တော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် အခါအားလျော်စွာ ဥပုသ်ဆောက်တည်တာက စိတ်ချမ်းသာရေး၊ ကိုယ်ကျန်းမာရေးအတွက် အင်မတန် အရေးပါတဲ့  ကောင်းမွန်တဲ့ လုပ်ငန်းစဉ်ပါတဲ့။

          " တစ်ရက် တစ်ရက် မောနေတာပဲ မနားရပါဘူး ..."

          " အားကို မအားရဘူး ... အလုပ်နားတာနဲ့ အိမ်ကကိစ္စတွေက အပြည့် ...  စိတ်ဆင်းရဲပါတယ် "

          " ဘယ်တော့များမှ ဝဋ်ကျွတ်ပါ့မလဲ ... လုပ်ရကိုင်ရ ရှာရဖွေရတာ မောပြီ "

          မကြာခဏ ညည်းညူနေကြသူတွေ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျနေသူတွေ ပတ်ဝန်းကျင်မှာ အများကြီးနော်။ စာဖတ်သူရော အပါအဝင်ပဲ မဟုတ်လားဟင်။

          ဥပုသ်စောင့်တယ်ဆိုတာ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘုရားသခင်၊ မြင့်မြတ်တဲ့ ဘာသာတရား ရည်မှန်းချက်နဲ့ မိမိနဲ့ကြားက ပေါင်းကူးတံတားလေးပါနော်။

          ဒီပေါင်းကူးတံတားလေးကို တစ်ပတ်တစ်ခါ ပုံမှန်တည်ဆောက်သွားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တည်ငြိမ်မှုအပြင် ကိုယ်ကျန်းမာလန်းဆန်းမှုတွေနဲ့ ဘဝကို ဖန်တီးနိုင်မှာပါ။

          မိမိရဲ့ ထွေထူးများပြားလှတဲ့ အလုပ်တွေ တွေးစရာတွေ ကြံစည်စဉ်းစားမှုတွေကနေ တစ်ရက်လောက် လွတ်မြောက်ပြီး မြင့်မြတ်သန့်စင်တဲ့ ဘာသာတရားရယ်၊ သားသမီးရယ်၊ မိသားစုရယ်၊ သူငယ်ချင်းရယ်၊ ချစ်တဲ့သူတွေနဲ့ ဝန်းရံတဲ့ အေးချမ်းလှပတဲ့ နေ့လေးတစ်နေ့ ဖန်တီးကြည့်ရအောင်။ နိစ္စဒူဝတွေကနေ ပြည့်ပြည့်ဝဝ ကင်းလွတ်ပြီး မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးဘက်ကို တစ်ရက်ခန့် အချိန်ပေးလိုက်ကြမယ်လေ။

 

●        ဥပုသ်စောင့်ဖို့ အချိန်တစ်ရက် သတ်သတ်မှတ်မှတ် ထားလိုက်ပါ။ ဥပမာ - တစ်ပတ်ကို တစ်ရက်၊ တစ်လကို ဘယ်နှစ်ရက်ပေါ့။ အဲဒီတစ်ရက်ကို ဘယ်အကြောင်းနဲ့မှ မဖျက်ပါနဲ့။ ကိစ္စတစ်ခုခုကြောင့် ပျက်သွားမခံပါနဲ့နော်။ တစ်ပတ်တစ်ခါ ဥပုသ် ယူတာကို  ခြောက်လခန့် ဆက်တိုက် လုပ်ကြည့်တဲ့အခါ အကျင့် စွဲမြဲလာပါလိမ့်မယ်။ ကောင်းတဲ့အကျင့်လေး စွဲလာလေ မိမိကိုယ်မိမိ မြင့်မြတ်သူတစ်ယောက်လို ပိုမိုတနိဖိုးထားနိုင်လေပါပဲ မဟုတ်လား။

 

●        ဆုတောင်းခြင်းကို မပျက်မကွက် လုပ်ပါ။

          ဥပုသ်စောင့်တဲ့ရက်မှာ ဂါထာမန္တာန်တွေ ရွတ်ဖတ်နေတာမျိုး၊ ဂုဏ်တော်ပွားတာမျိုး၊ ဘုရားရှေ့မှာ အချိန်တစ်ခုပေးပြီး မိမိဘဝအတွက် တစ်ပါးသူဘဝအတွက် မေတ္တာပို့သရင်း ဆုတောင်းရင်း စိတ်ရဲ့တည်ငြိမ်မှုကို ရယူနိုင်ပါသေးတယ်နော်။

 

●        မိတ်ဆွေ သူငယ်ချင်းနဲ့အတူ ဥပုသ်ယူပါ။

          ဗန်းမော်ဆရာတော်ပြောသလို စာကလေး ဥပုသ်တော့ မဖြစ်စေနဲ့ပေါ့။ အချင်းချင်း စကားတွတ်ထိုးရင်း ဇရပ်ပေါ် အချိန်ကုန်ခံတဲ့ ဥပုသ်သည်တွေကို ဆရာတော်က စာကလေးဥပုသ်သည်တွေလို့ မိန့်ခဲ့ဖူးတယ်။ ဥပုသ်ယူထားသူ အချင်းချင်း တရားဓမ္မဆွေးနွေးရင်း မိမိစိတ်အေးချမ်းဖို့  လိုအပ်တာလေးတွေ စိတ်အေးလက်အေး တိုင်ပင်နှီးနှောရင်း အပြန်အလှန် အားပေးဖို့ ဓမ္မခရီးဖော်တွေသာ ဖြစ်ပါစေ။

 

●        စစ်မှန်တဲ့ အနားယူခြင်းဆိုတာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသူအဖို့ အေးဆေးငြိမ်သက်စွာ ဘာမှမတွေးဘဲ စိတ်ကို အနားပေးတာ၊ တရားထိုင်တာတွေကို ပြုလုပ်ပြီး ဦးနှောက်ကို အားဖြည့်မယ်။ ကိုယ်အား ယုတ်လျော့မယ့်အရာ ဘာမှမလုပ်တော့ဘဲ ကိုယ်ခန္ဓာကို စိတ်ရှိလက်ရှိ အနားပေးခြင်းဖြင့် ဥပုသ်စောင့်နေစဉ်အတွင်းမှာ စိတ်အားကိုယ်အား ပြန်လည်ဖြည့်ဆည်းပေးကြပါစို့လား။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)