တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း စတဲ့ ဖန်သားပြင်ကို အကြည့်များခြင်း
တီဗွီ၊ ကွန်ပျူတာ၊ ဖုန်းစတဲ့ ဖန်သားပြင်တွေကို အကြာကြီးကြည့်ခြင်းက မျက်စိကွယ်တဲ့အထိတော့ မဖြစ်နိုင်ပေမယ့် ပြင်းထန်တဲ့ မျက်လုံးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ ကွန်ပျူတာကြည့်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုလို့ခေါ်တဲ့ အမြင်အာရုံ ဝေဝါးလာခြင်း၊ မျက်လုံးများ နီရဲခြောက်သွေ့ခြင်း၊ မျက်လုံး ထိခိုက်ခြင်းနဲ့ ဇက်ကြောနဲ့ နောက်ကြောများ နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။
အသက် 40 ကျော်လာပြီဆိုတာနဲ့ မျက်လုံးတွေ အားနည်းလာပြီး ဖန်သားပြင်တွေနဲ့ အချိန်ကြာကြာလုပ်ဖို့ ခက်ခဲလာနိုင်သလို ကွန်ပျူတာကြည့်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုလည်း ပိုပြီး ဖြစ်နိုင်ခြေ များလာပါတယ်။
ဒါတွေကို တိုက်ဖျက်နိုင်ဖို့အတွက် နည်းလမ်းအချို့ကတော့ အပြင်က အလင်းတွေကို မှိန်မှိန်လေးထားခြင်းအားဖြင့် ကွန်ပျူတာပေါ်ကို အပြင်အလင်းတွေ စူးစိုက်ကျနေမှုကို လျှော့ချပေးပါ။ ကွန်ပျူတာကို မျက်လုံးရဲ့အောက် အနည်းငယ်နိမ့်ထားပါ။ ပြီးတော့ မျက်နှာကနေပြီး 20-28 လက်မ အကွာအဝေးမှာ ထားပါ။
20-20-20 စည်းမျဉ်းကို လိုက်နာပါ။ မိနစ် 20 ကြာတိုင်း ဖန်သားပြင်ကနေပြီး ပေ 20 အဝေးကို 20 စက္ကန့် ကြည့်ပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























