ဒေါသကို မြုံထားရင် ကျန်းမာရေးအတွက် မကောင်းဘူးနော်
တစ်ခုခု စိတ်တိုစရာ၊ ဒေါသထွက်စရာရှိတဲ့အခါ စိတ်ထဲမှာ အတင်းချုပ်တည်းထားတာ မျိုချလိုက်တာမျိုးကို မိမိခန္ဓာကိုယ်က သိပ်လက်မခံချင်ပါဘူးတဲ့။ ရေရှည်မှာ စိတ်ကျန်းမာရေးအတွက်လည်း အဆင်မပြေဘူးနော်။ မိမိဒေါသကို စနစ်တကျ ဘယ်လိုကိုင်တွယ်ကြမလဲ။
● ဒေါသလို့ ဆိုလိုက်ရင် အော်တာ၊ ဟစ်တာ၊ သောင်းကြမ်းတာ၊ ရန်ဖြစ်တာလို့ပဲ လက်ခံကြပါတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မိမိရဲ့ဒေါသကို စကားလုံးအားဖြင့် ကိုယ်အမူအရာအားဖြင့် ပြသတာက ကျန်းမာရေးအရ လက်ခံနိုင်တဲ့ အတိုင်းအတာပါ။
● ဒေါသကို မြုံထား ထိန်းထားလွန်းရင် ဆေးစွဲတာ၊ အရက်စွဲတာ၊ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာတွေနဲ့ ဆက်စပ်လာစေပါတယ်။
● နောက်တစ်ခု စဉ်းစားရမှာက ဒေါသထွက်လိုက်ပြီး အဖြေတွေကို ပြောင်းလဲနိုင်မယ် မထင်ပါနဲ့။ ဒေါသဖြစ်ချိန်မှာ လုပ်သမျှ၊ ဆုံးဖြတ်သမျှတွေ အမှန် မဖြစ်နိုင်ပါဘူး။
● စိတ်တိုလိုက်လို့ရော ဒါကြီးက ပြောင်းသွားပါ့မလား … ပေါက်ကွဲလိုက်လို့ရော အရင်အခြေအနေ ပြန်ရောက်မလား ... ဘာမှဖြစ်မလာဘဲ ပူလောင်နေတာ တန်လို့လား။
● အဆိုးဆုံးကို တည့်တည့်ဝင်တိုးပါ၊ အရေးအကြီးဆုံးအရာကို စဖြိုပါ။ အသေးအဖွဲတွေနဲ့ ဒေါသထွက်ရတာ အင်မတန် မထိုက်တန်တဲ့အရာပါ။
● စိတ်တိုတဲ့အခါ၊ ဒေါသ သိပ်ထွက်တဲ့အခါ တစ်ဖက်လူကို လက်ညှိုး ထိုးလိုက်တာက အခြေအနေကို ပိုဆိုးစေပါတယ်။ ကိုယ် ဘာကြောင့် စိတ်တိုရတယ်ဆိုတာ မိမိကိုယ်ကို ပစ်မှတ်ထားပြီး ပြောပါ။ တစ်ပါးသူကို သူ့ကြောင့်၊ မင်းကြောင့်လို့ လက်ညှိုး ညွှန်လိုက်တာနဲ့ ပြဿနာ ငယ်ထိပ်တက်သွားပြီလို့ မှတ်ပါ။ တစ်ဖက်လူကလည်း သူ့ကိုယ်သူ ကာကွယ်ဖို့ တရစပ် လွှတ်တော့မှာပါပဲ။
● ဆိုးသထက်ဆိုးဖို့သာ ရှိတာမို့ မိမိကိုယ်ကိုသာ အခြေပြုပြီး စိတ်တို၊ ဒေါသထွက်ပါ။ တရားခံကို အပြစ်မတင်ဘဲ ပေါက်ကွဲပါ။ လူထက် အခြေအနေကို စိတ်ဆိုးရတာ ပိုပြီးအန္တရာယ်ကင်းမှန်း တဖြည်းဖြည်း သိလာပါလိမ့်မယ်။
● နောက်ပြီး ကျောခိုင်းထွက်သွားပါ။ မိမိကို စိတ်သက်သာရစေမယ့် လူတစ်ယောက်ကို ဖုန်းခေါ်ပြီး ပြောချလိုက်ပါ။ တရားပြမယ့်သူ မရှာပါနဲ့။ နားထောင်မယ့်သူသာ ရှာပါ၊ ဘာပြောပြော စိတ်ရှည်လက်ရှည် နားထောင်မယ့်သူတစ်ယောက်ဟာ သင့်ဒေါသကို ဖွင့်ထုတ်ဖို့ အသင့်တော်ဆုံးလူ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























