ဓာတ်မတည့်ခြင်းကို သဘာဝအတိုင်း ကာကွယ်မယ်
1. လေပြေညှင်း အဝင်မခံပါနဲ့။
ရာသီဥတု သာယာပြီး လေ တဖြူးဖြူး တိုက်နေပေမယ့် လေထဲမှာ ပန်းဝတ်မှုန်ပါဝင်မှု များနေပါက ပြတင်းပေါက်တွေသာ ပိတ်ထားလိုက်ပါ။ လေအေးပေးစက်ထဲမှာ HEPA filter လိုမျိုး လေစစ်စက်တွေ တပ်ဆင်တာမျိုး၊ မီးခိုးခေါင်းတိုင်မှာ ဆန်ခါအစစ်လိုမျိုး ခံတာမျိုးတွေ လုပ်နိုင်ပါတယ်။
2. ခြေလက် သန့်စင်ပါ။
အိမ်ပြင်ကနေ အိမ်ထဲဝင်လာချိန်မှာ ကိုယ်သွားခဲ့တဲ့ နေရာအစုံကနေ အမှုန်အမွှားတွေဟာ အကျႌ၊ ဖိနပ်၊ ဆံပင်နဲ့ ခန္ဓာပေါ်မှာ တစ်ပါတည်း ပါလာတတ်ပါတယ်။ ဒါကြောင့် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး အဝတ်အစား လဲလိုက်ပါ။ ဖိနပ်တွေကိုလည်း တံခါးအဝမှာပဲ ထားခဲ့လိုက်ပါ။
3. မျက်နှာဖုံး Mask တပ်ဆင်ပါ။
တစ်ခါတစ်ရံ ခြံထဲ မြက်နှုတ်၊ ပေါင်းသင်စဉ်၊ ဖုန်သုတ်စဉ်မှာ မလွှဲသာ မရှောင်သာ ဓာတ်မတည့်တဲ့ပစ္စည်းတွေနဲ့ ထိတွေ့ရတာမျိုး ရှိပါတယ်။ N95 Mask က ပန်းဝတ်မှုန်စတဲ့ အမှုန်အမွှား အသေးလေးတွေကိုပါ 95% အထိ ကာကွယ်ပေးနိုင်ပြီး ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ပါတယ်။
4. ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။
စပျစ်သီး၊ ပန်းသီး၊ လိမေ္မာ်သီးနဲ့ ခရမ်းချဉ်သီး စတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေနဲ့ အစေ့အဆံတွေ စားသုံးတဲ့ ကလေးတွေမှာ ဓာတ်မတည့်မှု အဖြစ်နည်းတာကို တွေ့ရပါတယ်။ ဆက်နွယ်နေမှုကိုတော့ ရှာဖွေစမ်းသပ်ဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်မာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်က ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာ ငြင်းဖွယ်ရာ မရှိတဲ့အတွက် အနည်းဆုံး ထမင်းစားတိုင်း ဟင်းရွက်တွေနဲ့ အသီးတစ်မျိုး ပါအောင်စားသင့်ပါတယ်။
5. နှာခေါင်း ဆေးပါ။
နှာခေါင်း ဆေးခြင်းက နှာခေါင်းထဲက အချွဲတွေကို ရှင်းထုတ်ပေးပြီး ဓာတ်မတည့်ခြင်းကို သက်သာစေပါတယ်။ နှာခေါင်းထဲက ဘတ်တီးရီးယား ပိုးမွှားတွေ၊ ချွဲတွေကို ဖယ်ရှားပေးတဲ့အတွက် နှာစေးရာမှ ချောင်းဆိုးခြင်း မဖြစ်ရလေအောင် ကာကွယ်ပေးပါတယ်။ ရေနွေး သို့မဟုတ် ပိုးသတ်ထားတဲ့ရေ 8 အောင်စထဲ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါတစ်စက်လောက် ရောထည့်ပါ။ ဘေစင်မှာကုန်းပြီး နှာခေါင်းထဲ အစက်ချပစ္စည်းလေးကို အသုံးပြုကာ နှာခေါင်းတစ်ဖက်ချင်းစီကို ဖြည်းဖြည်းချင်း ဆေးပေးပါ။
6. ရေများများ သောက်ပါ။
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်း ပိတ်နေတာ၊ နှာရည် တောက်တောက်ကျနေတာ ဖြစ်ပါက ရေ၊ အအေးနဲ့ အခြားအရက်မပါတဲ့ အရည်များကို နည်းနည်းစီ သောက်ပေးပါ။ ရေဓာတ်များခြင်းက နှာခေါင်းထဲက ချွဲတွေကို နည်းသွားစေပြီး နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်း၊ ကြက်ပြုတ်ရည်နဲ့ ဟင်းချိုပူပူနွေးနွေးတွေ သောက်ပေးခြင်းက ရေနွေးငွေ့ ရှူပေးသလို အကျိုးများပါသေးတယ်။
7. သဘာဝပစ္စည်းတွေ သုံးပါ။
အိမ်ကို သန့်ရှင်းအောင်ထားခြင်းက ဓာတ်မတည့်ပစ္စညး်တွေမရှိအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သန့်ရှင်းရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းများက နှာခေါင်းအတွင်းသား လမ်းကြောင်းကို သွားဒုက္ခပေးပြီး ဓာတ်မတည့်လက္ခဏာများ ပေါာလာပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေဖြစ်တဲ့ ဗီနီဂါ၊ မုန့်ဖုတ်ဆိုဒါတွေကို အသုံးပြုပါ။ ဓာတ်မတည့်ပစ္စည်းတွေကို ဖမ်းဆွဲနိုင်တ့ဲ HEPA filter စက်ကို ဖုန်စုပ်စက်မှာ တပ်ဆင်အသုံးပြုပါ။ အကယ်၍ ဆိုးဆိုးရွားရွား ဓာတ်မတည့်ခြင်းများ ရှိပါက တစ်ယောက်ယောက်ကိုသာ အိမ်ရှင်းခိုင်းလိုက်ပါ။
8. ရေနွေးငွေ့ရှူပါ။
ရေနွေးငွေ့လေး ရှူပေးရုံနဲ့ နှာခေါင်းပိတ်တာ သက်သာစေပြီး အသက်ရှူရ လွယ်ကူစေနိုင်ပါတယ်။ ရေနွေးထည့်ထားတဲ့ ဇလုံကြီး ရှေ့ချ၊ ခေါင်းပေါ် မျက်နှာသုတ်ပုဝါကြီးခြုံကာ ရေနွေးငွေ့ ရှူပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရေချိုးခန်းထဲ ရေနွေးဖွင့်ချပြီး ထာက်လာတဲ့အငွေ့ကို ထိုင်ရှူပေးနိုင်ပါတယ်။
9. ဆေးလိပ်ငွေ့ကို ဝေးဝေးရှောင်ပါ။
နှာရည်ကျတာ၊ နှာခေါင်းပိတ်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်ရတဲ့ စားသောက်ဆိုင်၊ ညကလပ်၊ ဟိုတယ် စတာတွေကို ရွေးချယ်ပါ။ အခြားရောဂါ ပိုဆိုးစေနိုင်တဲ့ ဖြန်းဆေး၊ မီးပုံကထွက်တဲ့ မီးခိုးငွေ့စတဲ့ အငွေ့မှန်သမျှကိုလည်း ရှောင်ကြဉ်ပါ။
10. အပ်စိုက် ကုသပါ။
ဒီရှေးဟောင်းနည်းလမ်းကလည်း အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဘာကြောင့် သက်သာရသလဲ ဆိုတာကတော့ မသိရသေးပါဘူး။ အချို့လေ့လာမှုတွေကတော့ တကယ်သက်သာစေနိုင်တယ်လို့ ဆိုတဲ့အတွက် ဆရာဝန်နဲ့ လုပ်သင့်၊ မလုပ်သင့် တိုင်ပင်ဆွေးနွေးပြီး လုပ်သင့်ပါတယ်။
11. ဘာနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာ ကိုယ့်ဟာကိုယ် သိပါစေ။
ဘာကြောင့် ဓာတ်မတည့်တဲ့ဝေဒနာ ဖြစ်ပေါ်နေတယ်ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဝေဒနာ မခံစားရအောင် ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























