နာကျင်မှုတွေကို ရှောင်ရအောင်
ဆေးပညာရှင်တွေရဲ့အဆိုအရ နာရတဲ့ အခြေအနေ အတော်များများကို မိမိက ဖန်တီးတာပါတဲ့။ နေရင်းထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် နာအောင်လုပ်နေမိတဲ့ အကြောင်းရင်းလေးတွေက ဘာတွေလဲ?
● မြန်မာတွေ နေ့စဉ်စီးတဲ့ ညှပ်ဖိနပ်ဟာ ခြေထောက်ကို ထိရောက်တဲ့ ကာကွယ်မှုနဲ့ အထောက်အပံ့ မပေးပါဘူးတဲ့။ ဖိနပ်အစွပ်လေးတွေ ပြောင်းလဲစီးတာက ခြေထောက်မနာအောင် မထိခိုက်အောင် ကာကွယ်ပြီး ဖြစ်စေပါတယ်။
● နေ့စဉ်ဖုန်းသုံးရင်း လက်မတွေ ရောင်လာတာ၊ လက်ထိပ်လေးတွေ ကျင်လာတာ ဖြစ်ဖူးကြလားမသိ။ သိပ်ပြီး မက်ဆေ့တွေရိုက်၊ စာတွေ မပို့ပါနဲ့။ လက်ကို အနားပေးပါဦး။
● ဘောင်းဘီရဲ့ နောက်အိတ်ကပ်တွေမှာ ပိုက်ဆံအိတ်တွေ ထိုးမထည့်ပါနဲ့။ စတိုင်မကျသလို ဖိထားတဲ့အိတ်အလေးချိန်က တင်ပါးက အာရုံကြောတွေကို ပိစေလို့ ကြွက်သား ပိုမိုနာကျင်စေမှာ မုချပါ။
● ကားထိုင်ခုံကို သင့်တော်သလို ပြင်ဆင်ပါ၊ မသက်မသာကြီး မထိုင်ပါနဲ့။ ကားထိုင်ခုံကို ညှိပါ။ ရှေ့နောက်တိုးပါ။ ခါးကို မတ်ထားပါ။ စတီယာရင်ကို ကိုင်ထားတဲ့လက်တွေက တင်းမနေဘဲ သက်သောင့်သက်သာ ရှိပါစေ။
● ဂိမ်းတွေ သိပ်မဆော့ပါနဲ့။ မျက်စိမှုန်စေသလို မိမိအတွက်လည်း စိတ်ဖိစီးမှုတက်စေပြီး ဂုတ်ကြောတွေ နာစေလို့ပါ။
● အချိုကြိုက်သူတွေဟာ နာကျင်မှုဖြစ်တဲ့အခါ တော်တော်နဲ့ မသက်သာကြပါဘူး။ အချိုဓာတ်နဲ့ ခေါင်းကိုက်ရောဂါက ဆက်စပ်နေပါတယ်။
● ဆိုဖာပေါ်မှာ အိပ်ပြီး တီဗီကြည့်တဲ့အကျင့် စွဲနေပြီလား။ လုံးဝပုံစံမမှန်တဲ့ ကိုယ်နေဟန်ထားပါ။ သေချာတာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့မယ်ဆိုရင် တီဗီရှေ့က ဆိုဖာကိုသာ အပြစ်တင်လိုက်ပါတော့လို့။
● ကလေးကို ချိုင်းကနေမပြီး နေ့စဉ်ချီရတာက မိခင်တွေရဲ့ လက်ကောက်ဝတ်ကို ဒဏ်ဖြစ်စေပါတယ်။ ကျောနဲ့ တင်ပါးကနေ အသာအယာ မယူပါ။
● ပခုံးတစ်ဖက်တည်းမှာ ကျောပိုးအိတ် လွယ်ခြင်းဖြင့် ပခုံးနဲ့ ကျောရိုးတွေကို ဖိစီးမှု ဒဏ်ရာရစေပါတယ်။
● ဆံပင်ကို စုသိမ်းပြီး မြင့်မြင့်လေး မြှောက်စီးရင် ခေါင်းကိုက်တာ ပိုဆိုးပါတယ်။ ပြေလျော့လျော့လေး စည်းနှောင်ပါနော်။
● အနံပြင်းပြင်း ရေမွှေးတွေ၊ အခန်းတွင်းဖြန်းဆေးတွေ၊ အိမ်သုတ်ဆေးတွေကလည်း သင့်ကို ခေါင်းကိုက်စေပါတယ်။
● အိပ်ရာဝင်တဲ့အခါ လည်ပင်းကိုလိမ်ပြီး မအိပ်ပါနဲ့။ တစ်ဖက်ထဲကို အကြာကြီး မစောင်းပါနဲ့။ ခေါင်းအောက်မှာ လက်မောင်းခံမအိပ်ပါနဲ့။ ဒူးတွေကြားမှာ ဖက်လုံးလေး ခံအိပ်နိုင်ပါတယ်။
● အရက်သောက်လွန်ရင်လည်း နောက်ရက်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး၊ ခေါင်းတွေကိုက်ပြီး နိုးထရမှာပါ။
● အစားအသောက် မှန်မှန်စားပါ။ နေ့လယ်စာ ကျော်သွားတာ၊ ညစာ မစားတာတွေ မလုပ်ပါနဲ့။ သူ့အချိန်နဲ့သူ စားခြင်းဖြင့် အစာအိမ်ရောဂါကို ရှောင်ကြရအောင်။
● အလေးတစ်ခုခု မ,တဲ့အခါ ဒူးကွေးထိုင်ချပြီး မ,ယူပါ။ ပခုံးကို ကုန်းပြီး မ,မပါနဲ့။ ခါးကို မလိမ်ပါနဲ့။ မတ်မတ်ဆန့်ဆန့်နေပါ။
● အလုပ်လုပ်တဲ့ခုံလေးကို သက်သောင့်သက်သာ ရှိပါစေ။ ခြေထောက်တွေကို ကြမ်းပြင်ပေါ်ချထားပါ။
● အကြာကြီး တီဗီကြည့်တာ၊ ဖုန်းကလိတာ၊ ကွန်ပျူတာအလုပ်တွေကလည်း သင့်မျက်လုံးကို ဒဏ်ဖြစ်စေပါတယ်။
● တစ်ပတ်ကို တစ်ခါခန့် ပြည့်ပြည့်ဝဝ အနားယူပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ တရားထိုင်တာတွေအပြင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး ဘ၀အဓိပ္ပာယ် ဖန်တီးယူပါ။
● ကလေးတွေကို ပခုံးပေါ်ထမ်းပြီး လမ်းမလျှောက်ပါနဲ့။ ပခုံးနဲ့ လည်ပင်းကြွက်သားတွေကို အလွန်ဒဏ်ပိစေပါတယ်။
● မကြာခဏ သွားကြိတ်တတ်တာ ကောင်းတဲ့အနေအထား မဟုတ်ပါဘူး။ သွားပျက်စီးတဲ့အပြင် မေးရိုးအနေအထားတွေပါ ပျက်ပြားလာတတ်လို့ပါ။
● စိတ်ဖိစီးလေ နောက်ကျောကြွက်သားတွေ တင်းလာလေဖြစ်ပြီး စိတ်ဖိအား များလာလေ နောက်ကျောတက်လေပါပဲ။ ယောဂ သို့မဟုတ် ကြွက်သားပြေလျော့ လေ့ကျင့်ခန်းတစ်ခုခုကို အကြောအဆစ်ပညာရှင်နဲ့ တိုင်ပင်လုပ်ဆောင်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























