/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်-ကျောက်ကပ်ရောဂါ

နာတာရှည် ကျောက်ကပ်ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသံတိတ်လူသတ်သမားလို့ တင်စားခေါ်ဝေါ်နိုင်တဲ့ နာတာရှည် ကျောက်ကပ်ရောဂါဆိုတာက ကျောက်ကပ်ပျက်စီးပြီး ကျန်းမာရေးကို ကျဆင်းစေနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ အဓိကတာဝန်က ဆီးအဖြစ်ကို မပြောင်းလဲခင်မှာ သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်က -

●        သွေးပေါင်ချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူ ပြုပါတယ်။

●        ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေကို မှန်ကန်တဲ့ပမာဏမှာ ထိန်းထားပေးခြင်းအားဖြင့် နှလုံးနဲ့ ကြွက်သားတွေကို စနစ်တကျ လုပ်ငန်းဆောင်ရွက်စေဖို့ အထောက်အကူ ပြုပါတယ်။

●        အရိုးတွေကို ကျန်းမာစေတဲ့ ဗီတာမင် D ပုံစံကို ထုတ်လုပ်ပေးပါတယ်။

●        သွေးနီဥ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ erythropoietin ထုတ်လုပ်ပေးပါတယ်။

          နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်လာပြီဆိုရင် ကျောက်ကပ်က ဒီလုပ်ငန်းစဉ်တွေကို ကြာရှည်မလုပ်နိုင်တော့ဘဲ လျော့ကျသွားပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုး စတဲ့အခြေအနေတွေကြောင့် ကျောက်ကပ် ပျက်စီးတာ များပါတယ်။

          ကျောက်ကပ်ရောဂါ ပိုဆိုးလာရင် သွေးထဲမှာ စွန့်ပစ်ပစ္စည်းတွေ စုပုံလာပြီး နေမကောင်း ဖြစ်စေပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သွေးတိုး၊ သွေးအားနည်းရောဂါ၊ အရိုးအားနည်းခြင်း၊ အာဟာရ အားမကောင်းခြင်းနဲ့ အာရုံကြော ပျက်စီးခြင်း စတာတွေ ခံစားရနိုင်ပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသူတွေက သွေးစီးဆင်းမှု အပြောင်းအလဲတွေကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ချေ များပါတယ်။ ဒီပြဿနာတွေက အချိန်ကြာလာတဲ့အခါမှာ ဖြည်းဖြည်းချင်း ရင်ဆိုင်လာရတဲ့ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် နာတာရှည်ကျောက်ကပ်ရောဂါကို စောစောသိပြီး စောစောကုသနိုင်မယ်ဆိုရင် ရောဂါ ပိုမဆိုးအောင် ထိန်းထားနိုင်ပါတယ်။

          အောက်ပါအခြေအနေတွေ ရှိတယ်ဆိုရင် ကျောက်ကပ်ကို ထိန်းသိမ်းဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

●        ဆီးချိုရောဂါရှိသူ

●        သွေးတိုးရောဂါရှိသူ

●        အဝလွန်သူ

●        အသက် 50 အထက်

●        မိသားစုထဲတွင် ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့် သွေးတိုးရောဂါများရှိခြင်း

●        ခြေထောက်များ ဖောရောင်ခြင်း

          ကျောက်ကပ်ရောဂါကို စစ်ဆေးဖို့အတွက် ရိုးရှင်းတဲ့စနစ် 3 ခုကတော့ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးစစ်ခြင်းနဲ့ သွေးတွင်း creatinine ဓာတ် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ပိုမဆိုးစေဖို့ စောစောသိပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)