နားဖာချေးအကြောင်း သိကောင်းစရာ
ယနေ့ခေတ်မှာ နားကြပ်ဂွမ်းတွေက အိမ်တိုင်းလိုလိုမှာရှိပြီး အသုံးများနေကြပါတယ်။ အထူးသဖြင့် နားကလော်ဖို့အတွက် သုံးကြပြီး ဒါက အန္တရာယ်ဖြစ်နိုင်တဲ့အပြုအမူ ဖြစ်ပါတယ်။
အချို့လူတွေက ပုံမှန်ထက် နားဖာချေး ပိုထွက်တတ်ပေမယ့်လည်း ယေဘုယျအားဖြင့်တော့ နားက သူ လိုအပ်သလောက်ပဲ အဆီထုတ်ပေးပါတယ်။ အချို့ကလေးတွေမှာ နားဖာချေး အလွန်အကျွံ ထွက်တတ်ပေမယ့်လည်း ဒါက အရမ်းကိုရှားပါတယ်။ နားဖာချေးကြောင့် အကြားထိခိုက်တယ် (သို့) နေလို့ အဆင်မပြေဘူး၊ နားကိုက်တယ်ဆိုမှ ဆရာဝန်က ဖယ်ရှားပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒါကလည်း ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်နဲ့ပဲ လုပ်ရပါမယ်။ မိဘနဲ့ကလေးတွေက အိမ်မှာ ကိုယ့်ဟာကိုယ် နားဖာမကလော်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းက နားခေါင်းကို ထိခိုက်စေပြီး ကလေးရဲ့အကြားအာရုံကိုပါ ထိခိုက်နိုင်ချေရှိပါတယ်။
>> နားဖာချေး ဘာကြောင့်ထွက်ရသလဲ?
အပြင်ဘက် နားခေါင်းထဲကနေ နားဖာချေးထွက်ပါပြီး အရေးကြီးတဲ့လုပ်ငန်းတေ ွလုပ်ပေးပါတယ်။ နားဖာချေးက နားခေါင်းကို ရေလုံစေခြင်းအားဖြင့် နားစည်နဲ့နားခေါင်းကို ကာကွယ်ပေးနိုင်သလို ခြောက်သွေ့စေပြီး ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အညစ်အကြေး၊ ဖုန်မှုန့်နဲ့ အခြားအမှုန်တွေကို ဖမ်းထားပေးခြင်းဖြင့် နားစည်ကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။
နားဖာချေးက ထွက်လာပြီးနောက်မှာ အပြင်နားခေါင်းကနေပြီး အပေါက်ဝကို သူ့ဟာသူ ထွက်လာကာ ရေချိုးတဲ့အချိန်မှာ သူ့အလိုလို အပြင်ထွက်သွားပါတယ်။ လူအများစုမှာ နားဖာချေး အမြဲထွက်နေတဲ့အတွက် နားထဲမှာ အမြဲနားဖာချေး ရှိနေပါတယ်။
ပုံမှန်ရေချိုးတာနဲ့ နားဖာချေးတွေ ထွက်သွားတဲ့အတွက် ကလေးတွေကို နားဖာချေးကလော်ပေးဖို့ မလိုပါဘူး။
>> အိမ်တွင်းပြုစုကုသခြင်း
ကလေးက နားထဲမှာ နေလို့မကောင်းဘူးလို့ပြောပြီး ကြည့်လိုက်တဲ့အခါမှာ နားဖာချေးတွေ တွေ့တယ်ဆိုရင် နားအပြင်ဘက်ကို အဝတ်သန့်သန့်နဲ့ ပွတ်ပေးလို့ရပါတယ်။ ဒါပေမဲ့ နားကြပ်ဂွမ်း၊ လက်ချောင်းနဲ့ အခြားအရာတစ်ခုခုတို့နဲ့ နားအတွင်းထဲကို ထည့်ကလော်တာမျိုး ဘယ်တော့မှမလုပ်ပါနဲ့။ ဒီလိုလုပ်တာက နူးညံ့တဲ့ နားခေါင်း၊ နားစည်တွေကို ဒဏ်ရာရစေနိုင်သလို နားဖာချေးကို အတွင်းထဲ တွန်းပို့သလိုဖြစ်ပြီး ရောဂါပိုး ဝင်စေနိုင်ပါတယ်။
ကလေးက နားကိုက်၊ နားထဲမှာ နေရတာ အဆင်မပြေ၊ နားအကြားပြဿနာ (သို့) နားပိတ်၊ နားအူ ဖြစ်နေတယ်ဆိုရင် ဆရာဝန် သွားပြပါ။ နားဖာချေးထုတ်ဖို့အတွက် ကုသမှုအမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပေမယ့် ဆရာဝန်နဲ့ မတိုင်ပင်ဘဲ လုံးဝမလုပ်ပါနဲ့။
နားကို အပူပေးပြီး နားဖာချေးထုတ်တာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ ကတော့ချွန်ရဲ့ အချွန်ဘက်ကို နားခေါင်းထဲထည့်ပြီး တခြားတစ်ဖက်ကနေပြီး မီးရှို့ကာ နားဖာချေး ထုတ်တာပါ။ ဒီလိုလုပ်တာက နားခေါင်း မီးလောင်နိုင်ခြေ၊ နားစည် အပေါက်ပေါက်ပြီး ရာသက်ပန် အကြားအာရုံ ပျက်စီးနိုင်ချေ များပါတယ်။
>> နားဖာချေး ဘယ်လိုထုတ်ကြမလဲ?
နားဖာချေးပိတ်ပြီး နေရတာ အဆင်မပြေ၊ နားကိုက် (သို့) အကြားအာရုံတစ်ခုခု အနှောင့်အယှက်ဖြစ်တယ်ဆိုရင် (သို့) နားစည်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့လိုတယ်ဆိုရင် ဆရာဝန်က နားဖာချေး ထုတ်ပေးပါလိမ့်မယ်။ ဆေးခန်းမှာပဲလုပ်ရပါမယ်။ အနည်းငယ် သက်သောင့်သက်သာ မဖြစ်တာကလွဲပြီး မနာပါဘူး။ ရှားပါးအခြေအနေအနေနဲ့ ကလေးက ငြိမ်ငြိမ်မထိုင်ဘူး၊ ဆရာဝန် ပြောတာကို လုံးဝမလိုက်နာဘူး ဆိုရင်တော့ မေ့ဆေးပေးပြီး ခွဲခန်းထဲမှာ လုပ်ဖို့လိုပါတယ်။ နားဖာချေး စုပ်ထုတ်တာက မိနစ်အနည်းငယ်သာကြာပြီး နောက်ထပ်ကုသမှု ထပ်ခံယူဖို့ မလိုပါဘူး။ နားထဲကို ရောဂါပိုးဝင်တဲ့လက္ခဏာ တွေ့ရင်တော့ ပိုးသတ်ဆေးပါတဲ့ နားထည့်ဆေးရည်ထည့်ဖို့ ညွှန်ကြားပါလိမ့်မယ်။ အများအားဖြင့်တော့ နားဖာချေး စုပ်ထုတ်ပြီးနောက် ဘာမှကုသဖို့ မလိုပါဘူး။
ကလေးရဲ့အကြားအာရုံ (သို့) နားနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတစ်ခုခု ရှိရင်တော့ နား၊ နှာခေါင်း အထူးကုနဲ့ သွားပြသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























