/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နားအူလို့-စိ်တ်ညစ်နေပါသလား

နားအူလို့ စိ်တ်ညစ်နေပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နားအူတယ်ဆိုတာ တကယ်တော့ အတော် နေရ၊ ထိုင်ရခက်၊ ပြောပြရခက်တဲ့ဝေဒနာတစ်ခုပါပဲ။

 

>>    ကျား/မ မရွေး၊ အရွယ်မရွေး ရုတ်တရက် နားအူတတ်တာ ဘာကြောင့်များလဲ?

●        ဆူညံသံ အကျယ်ကြီးနဲ့ ထိတွေ့ထားလို့ပါ။ ညပို်င်းမှာ ဂီတပွဲ၊ တီးဝိုင်း စတာတွေကို သွားပြီး မနက်မှာ နားတွေ အူနေသလို ခံစားရတတ်ပါတယ်။

●        နားဖာချေး ပိတ်ရင်လည်း နားအူတတ်ပါတယ်။

●        သွားပြဿနာတွေကြောင့်လား? တစ်ဆက်တည်းဖြစ်နေတဲ့ အာရုံကြောင့် သွားကိုက်၊ သွားကျဉ်တဲ့အခါ  နားအူချင်သလိုလို ခံစားရလေ့ ရှိပါတယ်။

●        ဆီးချို၊ သွေးတိုး ဝေဒနာရှင်တွေမှာ Menerire Disease လို့ခေါ်တဲ့ နားတွင်းအာရုံကြောရောဂါကို ခံစားရလေ့ ရှိပါတယ်။ ကိုယ့်မှာ ဒီရောဂါအခံလည်းရှိ နားလည်း အူနေပြီဆိုရင် ဆရာဝန် ချက်ချင်းပြသ တိုင်ပင်ဖို့ လိုပါတယ်။

●        တချို့ဆေးတွေ (အက်စပရင်လိုမျိုးဆေးတွေနဲ့ စိတ်ကျရောဂါဆေးဝါးတွေ) မှာလည်း နားအူတဲ့ ဘေးထွက်ဆိုးကျိုး ခံစားနေရတတ်ပါတယ်။

●        တီဘီဆေးသောက်ပြီး နားအူတာ ရှိတတ်ပါတယ်။ ဆေးပေါင်းထဲကတစ်မျိုးကြောင့် ဖြစ်တာပါ။ ဗီတာမင်ဘီစစ် ဖြည့်စွက်တိုက်ကျွေးဖို့ လိုလေ့ ရှိပါတယ်။

●        ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားသူတွေမှာဖြစ်ပြီး တစ်ပတ်ကနေ နှစ်ပတ်အတွင်း နားအူနေတတ်ပါတယ်။ တဖြည်းဖြည်းချင်းမှ ပြန်လည်သက်သာလာတာမျိုးပါ။

 

>>    နားအူတဲ့အခါ ဆရာဝန် ပြသသင့်သလား?

●        နားဖာချေးကြောင့် ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသ ဖယ်ရှားခြင်းဖြင့် ချက်ချင်း ပျောက်ကင်းသွားစေမှာပါ။

●        နားအူတာရယ်၊ ခေါင်းချာချာလည်အောင် မူးတာရယ် တွဲရင်တော့ ဆရာဝန် ပြသ ဆေးထိုးမှ သက်သာပါလိမ့်မယ်။

●        ဆီးချို၊ သွေးတိုးသမားတွေ နားအူလာရင် ဆေးကြောင့်လား? ရောဂါကြောင့်လား? စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။

●        အသံအကျယ်ကြီးနဲ့ ထိတွေ့လို့ဖြစ်တဲ့ နားအူတာကတော့ တဖြည်းဖြည်းမှ သက်သာလာတတ်တာမျိုးပါ။

●        တီဘီဆေးသောက်နေတုန်း နားအူရင် ဆေးပေးဌာနကို ပြန်ပြပါ။ လိုအပ်တဲ့ ဖြည့်စွက်ဆေး ပေးနိုင်အောင် ဖြစ်ပါတယ်။

●        နားအူခြင်းအတွက် အထူးပြုလုပ်ထားတဲ့ နားကြပ်တွေ ရှိပါတယ်။ တီးလုံးအပျော့စားတစ်မျိုး ထုတ်လွှတ်ပေးပြီး  အထိုက်အလျောက် သက်သာစေတာ ဖြစ်ပါတယ်။

●        အိပ်ခါနီးမှာ နားအူတတ်သူတွေ နားဆင်ဖို့ အထူးဖန်တီးထားတဲ့ တီးလုံးတွေ ရှိပါတယ်။ Youtube သို့မဟုတ် Application ကနေ ဖွင့်လှစ်နားဆင်နိုင်ပါတယ်။ နားအူတာကို ပြင်ပသံ အကျိုးကျေးဇူးနဲ့ ပြန်လည်ကောင်းမွန်စေတာ ဖြစ်ပါတယ်။

          တကယ်တော့ နားအူတယ်ဆိုတဲ့ ရောဂါအတွက် တကယ်ပျောက်ကင်းဖို့ ဆေးဝါးဆိုတာ မပေါ်သေးပါဘူး။ အားလုံးက နားအူရတဲ့ အရင်းအမြစ်ကိုသာ ရှာဖွေကုသရတာဖြစ်လို့ ခက်ခဲပါတယ်။ နားအူတာကြောင့် အနှောက်အယှက် ဖြစ်နေခဲ့ရင် နား၊ နှာခေါင်း ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး လိုအပ်တဲ့ ခွဲစိတ်မှု သို့မဟုတ် အထူးကုသမှုတွေ ရယူနိုင်ပါသေးတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)