/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နို့သောက်ရင်-ဝမ်းလျှောသတဲ့

နို့သောက်ရင် ဝမ်းလျှောသတဲ့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နို့ဆိုတာ ကိုယ်ခန္ဓာအတွက် အရမ်းကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ နို့ထဲမှာပါတဲ့ Lactose အချိုဓာတ်ကို မ,တည့်တဲ့လူတွေထဲက တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင်တော့ သတိထားဖို့ လိုပါတယ်နော်။

          ဒီရောဂါရှိတဲ့လူတွေမှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ သဘာဝအချိုဓာတ် Lactose ကို မ,တည့်ပါ။ မ,တည့်တော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားတိုင်း သောက်တိုင်း

●        ဝမ်းလျှောတာ

●        ပျို့ချင်တာ

●        ဗိုက်ကယ်တာ

●        ဗိုက်အောင့်တာ

●        လေထတာတွေ ဖြစ်လာပါတယ်၊

          စိတ်မညစ်သွားပါနဲ့ဦး။ Lactose န့ဲ မ,တည့်ပေမယ့် နို့မှာပါတဲ့ တခြားအာဟာရဓာတ်တွေကို ရရှိနိုင်မယ့် အခြားနည်းလမ်းတွေ ရှိပါသေးတယ်။

 

>>    Lactose အချိုဓာတ်ကို ဘာလို့မ,တည့်ရတာလဲ သိချင်နေကြပြီမလား?

          နို့နဲ့ နု့ိထွက်ပစ္စည်းတွေမှာပါတ့ဲ ဒီ lactose ကို ချေဖျက်နိုင်ဖို့ အူထဲမှာ lactase ဆိုတဲ့ အင်ဇိုင်း ရှိရမယ်။ ဒါပေမဲ့ lactase အင်ဇိုင်း လုံလုံလောက်လောက် မထုတ်နိုင်ဘူးဆိုရင် နို့သောက်တိုင်း၊ နို့ထွက်ပစ္စည်းတွေ စားတိုင်း ဝမ်းလျှောပြီး ဗိုက်အောင့်နေမှာပေါ့။

          ခန္ဓာကိုယ်က lactase ဘယ်လောက်ထိ ထုတ်နိုင်တယ်ဆိုတာပေါ် မူတည်ပြီး ရောဂါ အနုအရင့် ကွာလိမ့်မယ်။

          အများစုမှာ အသက် ၅ နှစ်လောက်ကတည်းက နည်းတတ်ပြီး တချို့တလေမှာတော့ လူကြီးဖြစ်မှ နည်းသွားတာမျိုး ရှိတယ်။

          ဒီလို နည်းရတာက -

          မျိုးရိုးဗီဇကြောင့် : ရှားတော့ ရှားပေမယ့် တချို့လူတွေမှာ lactase ထုတ်တာ နည်းစေတဲ့ မျိုးရိုးဗီဇ ပုံမမှန်တာတွေ ပါလာတတ်တယ်။ ဒီလို မျိုးရိုးဗီဇပါလာရင် မွေးကတည်းက ဝမ်းလျှောပြီး လာတတ်တယ်။

          လမစေ့ဘဲ မွေးတာကြောင့် : လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ အစပိုင်း lactase လုံလောက်အောင် မထုတ်နိုင်ဘူး။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီး ထုတ်လာနိုင်ပါလိမ့်မယ်။

          အခြားကျန်းမာရေး အခြေအနေတွေကြောင့် : Gluten ဂျုံ ဓာတ်မတည့်တဲ့ရောဂါ၊ အူပုံမမှန်တဲ့ရောဂါ၊ အဆုတ်ချွဲကပ်စေးတဲ့ရောဂါ Cystic fibrosis, အူရောင်ရမ်းရောဂါတွေအပြင် အူသိမ်ကို ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ lactase ဓာတ် နည်းသွားစေနိုင်တယ်။

          ဒီလိုရောဂါလက္ခဏာတွေ မခံစားရအောင် ဘယ်လိုထိန်းချုပ်ရမလဲ ပြောပြဦးမယ်နော်။

          နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားပြီး မိနစ် ၃၀ ကနေ ၂ နာရီလောက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပြလာတတ်တယ်။

          ဒီရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နို့ထွက်ပစ္စည်းတွေ ရှောင်တာလိုမျိုး အစားအသောက် ပြောင်းလဲတာတွေ လုပ်လို့ရတယ်။ ဒါပေမဲ့ တချို့ နို့ထွက်ပစ္စည်းတွေကိုတော့ စားလို့ရတာ တွေ့ရတယ်။ ဥပမာအားဖြင့် swiss ချိစ်၊ chedder ချိစ်၊ feta ချိစ်နဲ့ ဆိတ်နို့ချိစ်လိုမျိုးတွေကိုတော့ စားလု့ိရတယ်။ တချို့တွေမှာတော့ နို့တစ်ခွက်လောက် သောက်လို့ရတယ်။ ဒီ့ထက် ပိုသောက်ရင်တော့ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

          Lactose အချိုဓာတ် ထုတ်ထားတဲ့ နု့ိတွေ၊ ဒါမှမဟုတ် နို့အစားထိုး ပဲနို့၊ ဆန်နို့၊ almond နို့လိုမျိုးဟာတွေ သောက်လို့ရတယ်။

          နို့ထွက်ပစ္စည်းတွေကို အစာမာ တစ်ခုခုနဲ့ ရောစားပေးလို့လည်း ရတယ်နော်။ ဥပမာ - cereal မနက်စာကို နို့နဲ့ စားတာလိုမျိုးပေါ့။

          နို့ထွက်ပစ္စည်းတွေ စားချင်ရင် lactase အင်ဇိုင်းနဲ့ တွဲစားလု့ိ ရတယ်။ ဆေးဆိုင်တွေမှာ လွယ်လွယ်ဝယ်လို့ ရတယ်နော်။

          Lactose ကို နို့မှာ တင်မကဘူး။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ -

●        ဒိန်ချဉ်

●        ချိစ်

●        ခရင်မ်ချိစ်

●        ကော်တိတ်ချိစ်

●        ရေခဲမုန့်

 

          ဒီလို နို့နဲ့နို့ထွက်ပစ္စည်းတွေအပြင် မထင်ရတဲ့ -

●        ကယ်ဆီယမ်ဖြည့်စွက်ပေါင်မုန့်

●        Cereal နဲ့ ဖုတ်ထားတဲ့မုန့်တွေ

●        အသားအစားထိုးအမှုန့်တွေ

●        အသင့်စားအာလူး၊ စွပ်ပြုတ်နဲ့ မနက်စာသောက်စရာတွေ

●        ပန်ကိတ်၊ ဘီစကစ်၊ ကွတ်ကီးအရောတွေ

●        မာဂျရင်း

●        Salad အသုတ်အနှစ်တွေ

●        ခရင်မ်မာတွေ စားရင်လည်း ဖြစ်တတ်သေးတယ်နော်။

 

          Lactose ဓာတ်မတည့်ရင် အကောင်းဆုံးက ပါဝင်ပစ္စည်းအညွှန်းကို သေချာဖတ်ပါ။ ပြီးတော့ -

●        ဂျုံ

●        ဒိန်မလိုင်

●        နို့ထွက်ပစ္စည်းတွေ

●        နို့မှုန့်တွေ

          ပါတဲ့ စားစရာတွေကို ရှောင်ဖို့ လိုပါတယ်။

 

          Lactose ကို ၂၀% သောဆေးတွေမှာ ပါနေတဲ့အတွက် သတိထားဖို့ အရေးကြီးတယ်။ သနေ္ဓတားဆေးတွေမှာလည်း lactose ပါတယ်။

          နောက်ဆုံး lactose ဓာတ်မတည့်တဲ့လူတွေ သောက်တဲ့ အစာအိမ်အက်ဆစ်နဲ့ လေထတာ သက်သာစေတဲ့ဆေးတွေမှာတောင် lactose ပါနိုင်တယ်။

          ဒါကြောင့် ဆေးတွေ မသောက်ခင်လည်း lactose ပါ၊ မပါကို သေချာမေးကြည့်ကြနော်။

 

>>    နို့ မသောက်ရရင် ကယ်လ်ဆီယမ် လုံလုံလောက်လောက် ရအောင် ဘယ်လိုလုပ်ကြမလဲ?

          ကယ်လ်ဆီယမ်ဆိုတာ ခန္ဓာကိုယ်မှာ အရိုးဖွဲ့စည်းဖို့အတွက် အရေးပါတယ်ဆိုတာ လူတိုင်း သိကြမှာပါ။ ကယ်လ်ဆီယမ် လုံလောက်မှ အရိုးပျော့တာကို ကာကွယ်ပေးနိုင်မှာပါ။

          နို့ မသောက်ရပေမယ့်လည်း တခြားနို့မပါတဲ့ စားစရာတွေကနေ ကယ်လ်ဆီယမ်ကို လုံလုံလောက်လောက် ရနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

●        ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဆလပ်ရွက်လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ

●        ဆယ်လ်မွန်နဲ့ တူနာ

●        ပဲအမျိုးမျိုး

●        ကယ်လ်ဆီယမ် ဖြည့်စွက်ထားတဲ့ ပဲနို့နဲ့ ချိစ်

●        Almond စေ့ နို့

●        လိမေ္မာ်သီး

          ဒီလိုစားစရာတွေကနေ ကယ်လ်ဆီယမ်ဓာတ်ကို ရယူပါ။

          နောက်ပြီးတော့ အူအကျိုးပြု ဘက်တီးရီးယားတွေပါတဲ့ ဒိန်ချဉ်တွေ စားပေးပါ။ ဒီဘက်တီးရီးယားတွေက ထုတ်တဲ့ lactase အင်ဇိုင်း ဒိန်ချဉ်မှာပါတဲ့ Lactose အချိုဓာတ်ကို ပြန်ပြီးချေဖျက်ပေးတယ်။ ပြီးတော့ ဒီဘက်တီးရီးယားတွေက အူကျန်းမာရေးအတွက် ကောင်းပါတယ်။

          နို့ မသောက်တဲ့လူတွေမှာ ကြောက်ရတာ နောက်တစ်ခုက ဗီတာမင်ဒီ ချို့တဲ့တာပဲ။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ပေါင်းပြီး အရိုးတွေကို ပိုပြီးသန်မာစေပါတယ်။ ဒါကြောင့် lactose ဓာတ်မတည့်တဲ့လူတွေဟာ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ဖြည့်စွက်ဆေး သောက်ပေးဖို့ လို၊ မလို တိုင်ပင်ကြည့်ကြနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)