နေလောင်ဒဏ်ကို ဘယ်လိုကုသမလဲ
နေရောင်ရဲ့ခရမ်းလွန်ရောင်ခြည်ကို အချိန်အကြာကြီးခံမိတဲ့အခါ အရေပြားတွေ နီပြီး ရောင်ရမ်းနာကျင်လာတာကို နေလောင်တယ်လို့ ခေါ်ပါတယ်။ အပျော့စားနေလောင်တာကနေ အပြင်းစား ဆိုးဆိုးရွားရွားနေလောင်တဲ့အဆင့်ထိ ရှိပါတယ်။
ဖြစ်နိုင်ရင် နေလောင်လောင်ချင်းကို ကုသပေးဖို့လိုပါတယ်။ နေလောင်ခြင်းကြောင့် အသားအရေ ပျက်စီးနိုင်သလို အရေပြားကင်ဆာဖြစ်နှုန်းကိုလည်း များစေနိုင်ပါတယ်။ နေလောင်ခြင်းကို သက်သာအောင်လုပ်ရမယ့် နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။ သတိထားရမှာက နေလောင်မခံရအောင် ကာကွယ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။
၁။ နာကျင်မှုသက်သာအောင်လုပ်ပါ။
Ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေဟာ နာကျင်မှု၊ ရောင်ရမ်းမှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဖြစ်ဖြစ်ချင်းသောက်ပေးပါ။ တချို့လိမ်းဆေးတွေလည်း လိမ်းပေးလို့ရပါတယ်။
၂။ Hydrocortisone cream လိမ်းဆေး လိမ်းပေးပါ။
ဒီလိမ်းဆေးကလည်း နာကျင်ရောင်ရမ်းမှုနဲ့ ယားယံခြင်းတွေကို သက်သာစေနိုင်ပါတယ်။
၃။ ရေဓာတ်ဖြည့်ပါ။
အသားအရေကို ရေဓာတ် ပြန်လည်ဖြည့်တင်းဖို့ ရေများများသောက်ပါ။
၄။ အရည်ကြည်ဖုကို မဖောက်ပါနဲ့။
သူ့အလိုလို ပေါက်သွားပါစေ။ ပေါက်သွားရင် ဆပ်ပြာအပျော့လေးနဲ့ရေနဲ့ ဆေးကြောပေးပါ။
၅။ အရေပြားလန်တာကို မခွာပါနဲ့။ အစိုထိန်းခရင်မ် လိမ်းပေးပါ။
အရေပြားကို အေးအောင်ထားပါ - ရေပတ်ဝတ်လေး ကပ်ပေးတာ၊ ရေအေးအေး စိမ်ပေးတာ လုပ်ပေးပါ။
ထောပတ်မသုံးပါနဲ့ - နည်းလမ်းအမှားကြီးပါ။ အရေပြားထိခိုက်မှုကို မကာကွယ်ပေးနိုင်ပါဘူး။
အစိုထိန်းခရင်မ်တွေ လိမ်းပါ - (ဥပမာ - ရှားစောင်းလတ်ပတ်လိမ်းဆေးလိုမျိုးပါ)
၆။ နေရောင်ထဲ မထွက်ပါနဲ့
နေလောင်တာကို ပိုဆိုးစေနိုင်ပါတယ်။
နေလောင်တာ တအားဆိုးတယ်ဆိုရင် စတီးရွိုက်သောက်ဆေးကို ရက်အတော်ကြာကြာသောက်ဖို့ လိုနိုင်ပါတယ်။ လိမ်းဆေးလိမ်းရုံနဲ့ အကျိုးထူးမှာ မဟုတ်ပါဘူး။
အရည်ကြည်ဖုပေါက်နေတယ်ဆိုရင်တော့ ပိုးဝင်နိုင်ခြေ များစေနိုင်တာမို့ စတီးရွိုက်လိမ်းဆေး လိမ်းလို့မဖြစ်ပါဘူး။ ရေဓာတ် ခမ်းခြောက်တဲ့လက္ခဏာတွေရှိရင်၊ အပူလွန်ကဲတဲ့လက္ခဏာတွေရှိမယ်ဆိုရင် ဓာတ်ဆားပုလင်းချိတ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























