နွားနို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ
နွားနို့သောက်တာ ကောင်းလား၊ မကောင်းလားဆိုတာကို တွေးရခက်နေပါသလား? နွားနို့သောက်တာ ကောင်း၊ မကောင်းကို အချေအတင်ဖြစ်နေတာ အခုမှမဟုတ်ပါဘူး။ ပြတ်ပြတ်သားသားပြောဖို့ရာ ခက်ခဲပေမယ့် နို့သောက်တာ ကောင်းတဲ့အချက် (၃) ချက်နဲ့ ဆိုးတဲ့အချက် (၃) ချက်ကို ပြောပြပါ့မယ်နော်။
>> ကောင်းတဲ့အချက် :
● သွေးတွင်းဂလူးကိုစ့်အချိုဓာတ်ကို ကျစေပါတယ်။
လတ်တလောလေ့လာမှုတစ်ခုအရ ကစီဓာတ်များတဲ့မနက်စာနဲ့နို့ကို တွဲစားထားရင် နေ့လယ်စာ စားပြီးချိန်ထိတောင် သွေးတွင်းအချိုဓာတ် ကျစေနိုင်ပါတယ်။ ပရိုတင်းအသားဓာတ်များတဲ့နို့မျိုးနဲ့ဆို အကျိုးအာနိသင်က ပိုကောင်းပါတယ်။
နွားနို့မှာ အာနိသင်ပြင်းပရိုတင်းနှစ်မျိုး ပါပါတယ်။ Whey ဝှေးပရိုတင်း (၂၀%) နဲ့ Casein ကေစိန်းပရိုတင်း (၈၀%) တို့ပါပဲ။ ဒီပရိုတင်းတွေစားခြင်းအားဖြင့် အစာခြေတာကိုနှေးစေပြီး ဗိုက်ပြည့်စေတဲ့အစွမ်းသတ္တိ ရှိစေပါတယ်။
● ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီတွဲတို့ ပါဝင်ပါတယ်။
ဘာမှထပ်မဖြည့်စွက်နွားနို့မှာတောင် ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ဒီပမာဏဟာ လူကြီးတွေအတွက် သတ်မှတ်ထားတဲ့ ကယ်လ်စီယမ်ပမာဏရဲ့ ၃၀% လောက် ရှိပါတယ်။
ထပ်မံဖြည့်စွက်ထားတဲ့နို့တွေမှာ ဆိုရင်တော့ ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေနိုင်လောက်အောင် လိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီးတော့ နို့တစ်ခွက်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဘီတွဲ ပမာဏတစ်ဝက်လောက် ပါဝင်ပါတယ်။
● ကြီးထွားနေတဲ့ကလေးတွေအတွက်လည်း လိုအပ်ပါတယ်။
ကလေးဘဝနဲ့ ကြီးကောင်ဝင်ခါစအရွယ်တွေမှာ နို့နဲ့နို့ထွက်ပစ္စည်းတွေ သောက်ပေးဖို့ လိုအပ်ပါတယ်။
အဓိကကတော့ ဒီအရွယ်မှာ အရိုးသိပ်သည်းဆကောင်းစေဖို့ ကယ်လ်စီယမ် လိုအပ်ပါတယ်။ လေ့လာမှုတွေအရတော့ နို့သောက်တဲ့ကလေးတွေဟာ မသောက်တဲ့ကလေးတွေထက် အရပ်ပိုရှည်တာကို တွေ့ရပါတယ်။
>> မကောင်းတဲ့အချက် :
● အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်တို့စ်ဓာတ် ပါဝင်ပါတယ်။
နို့မှာပါတဲ့ သကြားဓာတ်တစ်မျိုးဖြစိတဲ့ လက်တို့စ်ဓာတ်ကို အချို့လူတွေမှာ မဖြိုခွဲနိုင်ပါဘူး။ ဒီလိုလူတွေကို လက်တို့စ်ဓာတ်မတည့်ရောဂါရှိတယ်လို့ ခေါ်ပါတယ်။ ဒီလိုလူတွေမှာ လက်တို့စ် စားမိတာနဲ့ လေပွတာ၊ ပျို့ချင်တာ၊ ဝမ်းလျောတာ၊ ဗိုက်ရစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒီလိုတွေဖြစ်တတ်တယ်ဆိုရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ခဏရှောင်ကြည့်ပြီး စောင့်ကြည့်ပါ။ ဆရာဝန်နဲ့ပြပြီးတော့လည်း လက်တို့စ်ဓာတ်မတည့်စမ်းသပ်ခြင်း၊ ခံတွင်းလေဟိုင်ဒရိုဂျင်ဓာတ်စမ်းသပ်ခြင်း၊ ဝမ်းအက်ဆစ်ဓာတ်စမ်းသပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
● ဝက်ခြံပေါက်စေနိုင်ပါတယ်။
ဝက်ခြံဆိုတာ အရေပြားရောင်ရမ်းမှုတစ်မျိုးပါပဲ။ နွားနို့ဟာ ရောင်ရမ်းမှုကို အားပေးပြီး ဝက်ခြံတွေ ထွက်စေနိုင်ပါတယ်။
နို့မှာ ဝှေးနဲ့ကေစိန်းကနေ ထုတ်လုပ်တဲ့ IGF1 ဆိုတဲ့ ဟော်မုန်းပါပါတယ်။ ပုံပန်းသဏ္ဌာန်တင် အင်ဆူလင်နဲ့တူတာ မဟုတ်ပါဘူး။ ဝက်ခြံလည်း ထွက်စေနိုင်ပါတယ်။
● ထင်ထားတာထက် ကယ်လိုရီပိုများပါတယ်။
အာဟာရဓာတ်လည်း များသလို ကယ်လိုရီလည်း များပါတယ်။ ၂% နို့တစ်ခွက်မှာ ကယ်လိုရီ ၁၂၀ လောက် ပါပါတယ်။ ဒါကြောင့် ထမင်းစားပြီးတိုင်း နို့တစ်ခွက်စီ သောက်မယ်ဆိုရင်တောင် ကယ်လိုရီ ၃၆၀ လောက် ရှိနေပါပြီ။ ဒါဟာ တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက်ရဲ့ ၂၀% ရှိနေပါပြီ။
ဒါကိုလျှော့ချဖို့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေကို နို့မထည့်ဘဲ သောက်ကြည့်ပါ။ တစ်နေ့ကို နို့တစ်ခွက်လောက်သာ သောက်ဖို့ တိုက်တွန်းထားပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























