/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှင်းခူအကြောင်း-သိကောင်းစရာ

နှင်းခူအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှင်းခူဆိုတာ အရေပြားကို ရောင်ရမ်းစေတဲ့ ဓာတ်မတည့်ခြင်းတစ်မျိုးပါပဲ။ အရေပြားနဲ့ထိတွေ့မိတဲ့ အရာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရေပြားနုပြီး ဓာတ်ပြုလွယ်သူတွေမှာ ဖြစ်တတ်ပါတယ်။

>>  နှင်းခူရဲ့လက္ခဏာတွေကတော့ -
အရေပြားဟာ နီရဲရောင်ကိုင်းပြီး ခြောက်ခြောက်ကြမ်းကြမ်းကြီး ဖြစ်နေတတ်ပါတယ်။ ယားတာတွေ၊ ပူစပ်စပ်ဖြစ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုနှင်းခူဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပြီး တစ်ယောက်နဲ့တစ်ယောက်လည်းမှာ မတူတတ်ပါဘူး။ တချို့တွေအတွက် အရေပြားကို ယားစေတတ်တဲ့ ကြမ်းကြမ်းအရာတစ်ခုခုနဲ့ ထိတွေ့မိရင် ဖြစ်တတ်ပြီး တချို့တွေမှာတော့ အရမ်းပူတာ၊ ချွေးတွေ တစ်အားထွက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ တချို့ဆပ်ပြာတွေ၊ ကြေးချွတ်ဆေးရည်တွေ၊ အသီးဖျော်ရည်စစ်စစ်တွေ၊ အသားတွေ၊ ဖုန်တွေ၊ တိရစ္ဆာန်တွေရဲ့တံတွေးတွေ၊ အမွေးအမျှင်တွေကြောင့်လည်း ယားယံတာတွေ ဖြစ်တတ်ပါသေးတယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့အခါလည်း နှင်းခူထတတ်တာမျိုး ရှိပါတယ်။ စိတ်ဖိစီးမှုကလည်း တချို့မှာ အကြောင်းရင်းတစ်ချက် ဖြစ်နေတတ်ပါသေးတယ်။

>>  ကုသနည်းတွေကတော့ -
●  အရေပြားကို စိုစွတ်နေအောင် ခရင်မ်တို့၊ အဆီတို့ လိမ်းပေးရပါမယ်။
●  ရောင်ရမ်းတာတွေကျစေဖို့ စတီးရွိုက်လိမ်းဆေးတွေ လိမ်းပေးနိုင်ပါတယ်။
●  ရောဂါထကြွလာတဲ့အခါ စတီးရွိုက်သောက်ဆေးပါ သောက်ဖို့လိုလာနိုင်ပါတယ်။
●  ပိုးဝင်တာအတွက် ပိုးသတ်ဆေး သောက်နိုင်ပါတယ်။
●  အရမ်းယားလာရင် အယားပျောက်ဆေး antihistamines သောက်နိုင်ပါတယ်။
●  အလင်းကုထုံးနဲ့ ကုတာမျိုးလည်း ရှိပါတယ်။
●  အရမ်းဆိုးတဲ့ရောဂါမျိုးမှာ cyclosporine လို့ခေါ်တဲ့ ခုခံအားပြုပြင်ပေးတဲ့ဆေး ပေးလေ့ရှိပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)