နှစ်သစ်မှာ ပိုမိုကျန်းမာပျော်ရွှင်စေမယ့် အလေ့အကျင့်ကောင်း (၈) ချက်
ဇန်နဝါရီလမှာ အမူအကျင့်သစ်တွေကို စတင်မယ်ဆိုရင် နှစ်ဝက်လောက်ထိ အကျင့်က ကြာရှည်ခံပါသတဲ့။ ၂၀၁၈ ကုန်ဆုံးလို့ ၂၀၁၉ ခုနှစ်ကို ရောက်တော့မယ်ဆိုတော့ အလေ့အကျင့်ကောင်းလေးတွေကို ကြိုးကြိုးစားစား စတင်ကြည့်ကြမလား။ ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်စေမယ့် အိုင်ဒီယာလန်းလန်းလေးတွေကို မျှေ၀လိုက်တယ်နော်။
● အိမ်မှာပဲ ဖျာလေးတစ်ချပ်၊ ခုံလေးတစ်ခုံ၊ အလေးတုံးလေး နှစ်တုံး သုံးတုံးနဲ့ လေ့ကျင့်ခန်းလေးတွေ စကြည့်ပါလား။ မိမိအိမ်မှာပဲ သီချင်းလေးဖွင့်ပြီး ကိရိယာလွတ် လေ့ကျင့်ခန်းတွေလုပ်တာ၊ အကကျင့်တာကတွေက အားကစားခန်းမသွားပြီး တပင်တပန်း လုပ်ဆောင်တာတွေထက် သက်သောင့်သက်သာရှိပြီး ထိရောက်တဲ့အကျိုးရလဒ်ကို ဖန်တီးပေးမှာပါ။ မှန်ကြီးကြီးတစ်ချပ် ဝယ်ထားပါ။ မှတ်တမ်းထားပါ။ အိမ်တွင်းမှာ အထူးစပါယ်ရှယ်နေရာလေး ဖန်တီးလို့ အိမ်တွင်း ကျန်းမာရေးစင်တာလေး ကိုယ်တိုင်တည်ဆောက်ကြမယ်။
● ဖျော်ရည်စက်လေး ဝယ်ပါ့လားလို့။ အပြင်သွားပြီး စက်ဖျော်၊ လက်ဖျော်တွေ သောက်မယ့်အစား၊ ငွေကုန်ခံမယ့်အစား အိမ်မှာပဲ ဖျော်ရည်စက်လေးဝယ်ပြီး အရသာရှိတဲ့ လတ်လတ်ဆတ်ဆတ် အသီးလေးတွေ ထည့်သွင်း ဖျော်စပ်ကြည့်ပါဦး။ ဖန်ခွက်လှလှလေးတို့ ဖန်ဘူးအလှလေးလည်း ဝယ်ထားနော်။ နေ့စဉ် အသီးဖျော်ရည်လေးတွေ သောက်တဲ့အခါ ယခင်ကထက် ပိုမိုလန်းဆန်းကျန်းမာတယ်လို့ ခံစားလာရမှာပါနော်။
● E reader လေးဝယ်ပါ။ စာဖတ်ဖို့ အထူးစီမံထားတဲ့ အမှောင်ထဲမှာတောင် ဖတ်လို့ရတဲ့ အီလက်ထရောနစ် စာဖတ်တက်ဘလက်လေး တစ်လုံးအတွက် ရင်းနှီးမြုပ်နှံပါ။ Amazon Kindle fire ကထုတ်တဲ့ Ereader တွေ ဝယ်လို့ရနေပါပြီ။ ဘက်ထရီလည်း တစ်ခါအားသွင်းထားရုံနဲ့ ရက်များစွာ သုံးလို့ရပြီး မျက်လုံးလည်း မထိပါဘူး။ PDF စာအုပ်ပေါင်း ရာချီထည့်ထားနိုင်ပါတယ်။
● ပန်းချီဆွဲတဲ့အကျင့် လုပ်ပါ။ ကလေးတုန်းက သုံးခဲ့တဲ့ ရောင်ခြယ်စာအုပ်လေးတွေ တစ်ထပ်ကြီး ဝယ်လိုက်ပါနော်။ ရောင်ခြယ်စာအုပ်လေးတွေဟာ အရမ်းကောင်းတဲ့ စိတ်ဖြေလျော့ပစ္စည်း ဖြစ်ပါတယ်။ ကလေးတွေ ခြယ်တဲ့စာအုပ်ပေမယ့် လူကြီးတွေသုံးလည်း အဆင်ပြေပါတယ်။ ရောင်စုံမြေဖြူလေးတွေ၊ ခဲတံတွေနဲ့ ခြယ်နေရင် စိတ်ငြိမ်ပြီး ဖိစီးမှုလျော့စေပါတယ်။
● ညကို မီးမှိတ်အိပ်တဲ့အကျင့် လုပ်ပါ။ မီးမှိတ်အိပ်တာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီနိုးကြားမှုကို လျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စေပါတယ်။ အိပ်ခါနီးမှာ တယ်လီဖုန်း၊ တီဗီ၊ ကွန်ပျူတာ အကုန်ပိတ်ပြီးမှ အိပ်စက်ပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်းဖြင့် နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ပိုမိုကျန်းမာတဲ့ ဦးနှောက်အရည်အသွေးကို ပျိုးထောင်ကြရအောင်လား။
● မိသားစုအတွက် အချိန်ပိုပေးပါ။ ညီအကို မောင်နှမတွေနဲ့ ဂိမ်း အတူဆော့ပါ၊ မိဘကို ပြုစုပါ။ အဘိုးအဘွားတွေကို အချိန်ပေးပြီး စကားပြောပေးကြပါ၊ မိသားစုဆိုတာ မိမိအတွက် ဘယ်အချိန်မှာမဆို အတူရှိမယ့်နောက်ကနေ မားမားမတ်မတ်ရပ်မယ့် ထာဝရထောက်တိုင်ပါ။ အရေးကြီးတဲ့မိသားစုကို အချိန်ပေးဖြစ်အောင် ပေးကြမယ်။ ညစာ စုစားကြပါ။ မနက်စာ ကော်ဖီဖျော်ပေးပါ။ အတူတကွ ရယ်မောကြပါ။ အလုပ်မှာ အဆင်ပြေသလား မေးပါ။ အဝေးမှာ နေတယ်ဆိုရင်တောင် မိဘမောင်ဘွားတွေကို ဖုန်းဆက်သွယ်ဖို့ စာရေးဖို့ မမေ့တဲ့အကျင့်လေး စလုပ်ပါ။ ကိုယ်အဆင်ပြေတဲ့အခါလည်း ကြည်နူးချမ်းမြေ့ကြပါစေ။ အဆင်မပြေတာ ကြားရင်လည်း မျှဝေဆုတောင်းပေးကြပါစေ။
● အသေးအဖွဲ အောင်မြင်မှုလေးတွေကအစ အောင်ပွဲခံတာမျိုး သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲ ကျင်းပပါ။ အောင်မြင်မှုက အဓိကမဟုတ်ပေမယ့် မိတ်ဆွေသူငယ်ချင်းနဲ့ ပုံမှန်တွေ့ဆုံတာက အလွန်အဓိကျတဲ့ စိတ်ကျန်းမာမှုလမ်းကြောင်း ဖြစ်ပါတယ်။
● မိမိအိမ်ကို စနစ်တကျ သန့်ရှင်းရေး လုပ်ဆောင်ပါ။ သန့်ရှင်းလှပတဲ့ ပတ်ဝန်းကျင်ဟာ မိမိကို စိတ်ချမ်းသာမှု အပြည့်အဝ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ အိမ်အပြင်အဆင်တွေ ပြောင်းလဲပါ။ ဆေးရောင်လွင်လွင်လေးတွေ သုတ်ပါ။ ပန်းအိုးအသစ်လေးတွေ ဝယ်ပါ။ Dreamcatcher လေးတွေ ဝယ်ယူချိတ်ဆွဲပါ။ ချူသံလွင်လွင်လေးတွေ ကြားရအောင် ဘဲလ်ခေါင်းလောင်းသေးလေးတွေ တပ်ဆင်ပါ။ စနစ်တကျ နေထိုင်တတ်မှုဟာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကျန်းမာစေတဲ့ ပညာတစ်ရပ်ဖြစ်ပြီး မြင့်မားတဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေပါတယ်။ ၂၀၁၉ မှာ မလိုတဲ့ အသေးအဖွဲတွေကို စွန့်ပစ်လိုက်ပြီး နေ့စဉ်ဘ၀ကို ရှင်းသန့်ပျော်ရွှင်နေပါစေ။
Happy New Year 2019!
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























