/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးသားလေး-ကျန်းမာနေစေဖို့

နှလုံးသားလေး ကျန်းမာနေစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မှန်ကန်တဲ့စားသောက်ပုံစားသောက်ပေးခြင်းဟာ အမေရိကန်နှလုံးအဖွဲ့အစည်းက အကြံပြုထားတဲ့ နှလုံးကျန်းမာစေဖို့ အချက် ၇ ချက်ထဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသားလေး ကျန်းမာနေစေဖို့ တစ်နေ့တာကို ဒီအစားအစာတွေနဲ့ စတင်လိုက်ပါနော်။

၁။  အမျှင်ဓာတ်
နှလုံးသားကို ကျန်းမာစေတဲ့နံပါတ် ၁ အစားအစာကတော့ အမျှင်ဓာတ်ပါပဲ။ ပြောရမယ်ဆိုရင် အမျှင်ဓာတ်ဟာ အသက်ရှည်ဆေးတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ အမျှင်ဓာတ်စားသုံးခြင်းနဲ့ နှလုံးနဲ့သွေးကြောရောဂါများ ဖြစ်နိုင်ခြေကို လေ့လာကြည့်ရာမှာ အမျှင်ဓာတ်စားသုံးပေးခြင်းက သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးခြင်း၊ သွေးပေါင်ကိုကျစေခြင်း၊ အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေခြင်း၊ ရောင်ရမ်းမှုကိုကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ နှလုံးအတွက်ကောင်းတဲ့ အာဟာရဓာတ်တွေ၊ ဖိုင်တိုကမ်မီကယ်နဲ့ အင်တီအောက်စီဒန့်တွေ ကြွယ်ဝပါတယ်။ ဒါကြောင့် မပြုပြင်ထားတဲ့နှံစပါးပြောင်းဂျုံတွေ  ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆံတွေကို နေ့စဉ်စားသောက်ပေးပါနော်။

၂။  အိုမီဂါ ၃ ဖက်တီးအက်ဆစ် အဆီဓာတ်
EPA ၊ DHA အစရှိတဲ့ အိုမီဂါအဆီဓာတ်တွေဟာ နှလုံးကျန်းမာရေးအတွက် အင်မတန်ကောင်းပါတယ်။ ရောင်ရမ်းမှုကိုကျစေခြင်း၊ သွေးခဲခြင်းကိုကာကွယ်ပေးခြင်း၊ LDL ကိုလက်စထရောအဆီကိုကျစေခြင်းနဲ့ နှလုံးခုန်စည်းချက်ကို မှန်ကန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ အိုမီဂါအဆီဓာတ်ကို ကိုယ်ခန္ဓာက မထုတ်နိုင်တာမို့ အစားအသောက်ကနေ ရယူပါတယ်။ ဆယ်လ်မွန်၊ တူနာ စတဲ့ အဆီများ ပင်လယ်ငါးများနဲ့ နှမ်းကြတ်ဆီ၊ သစ်ကြားစေ့ စတဲ့ အစေ့အဆံအဆီတွေကနေလည်း ရရှိနိုင်ပါတယ်။

၃။  ဖောလစ်အက်ဆစ် အပါအဝင် ဗီတာမင်ဘီဓာတ်ပေါင်း
Homocysteine လို့ခေါ်တဲ့ အမိုင်နီအက်ဆစ်ဓာတ်ဟာ သွေးကြောတွေကို မာကြောစေပြီး နှလုံးသွေးကြောပိတ်စေတဲ့ အကြောင်းရင်းတစ်ခုထဲ ပါ,ပါတယ်။ လေ့လာချက်တွေအရ ဗီတာမင်ဘီဓာတ်ပေါင်းတွေဟာ ဒီအမိုင်နိုအက်ဆစ်ပမာဏကို လျော့ကျစေပြီး ဖောလစ်အက်ဆစ်က သွေးကြောနံရံတွေ ထူလာခြင်းကို တားဆီးနိုင်တာကို တွေ့ရပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲပိစပ်၊ ဟင်းနုနွယ်၊ ပူစီနံ စတဲ့ အစားအစာတွေမှာ ဖောလစ်အက်ဆစ် ကြွယ်ဝပါတယ်။

Cardioace IA 1

၄။  Quercetin
တစ်နေ့ ပန်းသီးတစ်လုံး စားပေးခြင်းက ဆရာဝန်ပြစရာမလိုအောင် ကျန်းမာစေတယ်ဆိုတဲ့စကားဟာ ပန်းသီးမှာ flavonoid quercetin ကြွယ်ဝတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီဓာတ်ဟာ ရောင်ရမ်းမှုတွေကျစေပြီး သွေးကြောထဲသွေးခဲပုံခြင်းကို ကာကွယ်ပေးတဲ့အပြင် သွေးပေါင်နဲ့ ကိုလက်စထရောကို ကျစေနိုင်ပါတယ်။ Quercetin ကို အချဉ် citrus သီးတွေ၊ ကြက်သွန်နီ၊ ပါစလေရွက်၊ ကလျာဏီနဲ့ လက်ဖက်ရွက်တို့မှာ တွေ့ရနိုင်ပါသေးတယ်။

၅။  Lycopene
Lycopene ဆိုတာဟာ ခရမ်းချဉ်သီးလေးကို နီနီရဲရဲသွေးစေတဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်ဟာ သွေးပေါင်ကိုချပေးပြီး နှလုံးရောင်ရမ်းခြင်းကို ညွှန်ပြတတ်တဲ့ CRP ဓာတ်ကို ကျစေနိုင်ကြောင်း လေ့လာချက်တွေမှာ တွေ့ရပါတယ်။

၆။  မဂ္ဂနီစီယမ်
မဂ္ဂနီစီယမ်ဓာတ်ဟာ ကိုယ်ခန္ဓာက အလုပ်တာဝန်ပေါင်း ၃၀၀ ကျော်ကို လုပ်ဆောင်ကူညီပေးပါတယ်။ အာရုံကြောနဲ့ကြွက်သားလုပ်ငန်းတွေကို ထိန်းပေးခြင်း၊ နှလုံးခုန်နှုန်းကိုထိန်းပေးခြင်း၊ သွေးပေါင်ကျစေခြင်း စတဲ့ အစွမ်းသတ္တိတွေနဲ့ ထင်ရှားပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ကို လုံလောက်စွာ စားသုံးပေးခြင်းက နှလုံးနဲ့သွေးကြောရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မပြုပြင်ထားတဲ့နှံပြောင်း စပါး ဂျုံ၊ မတ်ပဲ၊ ပဲပိစပ်၊ တို့ဖူး၊ အယ်လ်မွန်၊ ဖရုံစေ့၊ နှမ်း၊ ဟင်းနုနွယ် စတဲ့အစားအစာတွေမှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။

၇။  အပင် sterolနဲ့ stenol
Phytosterols တွေဖြစ်ပြီး ကိုလက်စထရောနဲ့ပုံစံတူတာကြောင့် ကိုယ်ခန္ဓာမှာ ကိုလက်စထရောနေရာကို လုယူပြီး ကိုယ်ခန္ဓာက ကိုယ်လက်စထရောပမာဏကို လျော့နည်းစေပါတယ်။ မြေပဲ၊ သံလွင်ဆီ၊ ပြောင်းဖူးဆီ၊ နှမ်းဆီ၊ ကနိုလာဆီ စတဲ့ ဟင်းရွက်ဆီတွေမှာ တွေ့နိုင်ပါတယ်။

Cardioace IA 2

၈။  ဗီတာမင်နဲ့သတ္တုဓာတ်များ
ဗီတာမင် အေ၊ ဒီ၊ စီ၊ အီး၊ ဗီတာမင်ဘီဓာတ်ပေါင်းစတဲ့ ဗီတာမင်တွေနဲ့ သံဓာတ်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်၊ ခရိုမီယမ်၊ အိုင်အိုဒင်းစတဲ့ သတ္တုဓာတ်တွေကို သင့်တင့်မျှတတဲ့ပမာဏ နေ့စဉ်ရရှိနေမယ်ဆိုရင် ကျန်းမာတဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဓာတ်တွေရဖို့ ကျန်းမာမျှတညီညွတ်တဲ့ အစားအသောက်တွေကို အဓိကအားပြုစားသောက်ပြီး လိုအပ်ရင် အားဆေးသောက်ပေးနိုင်ပါတယ်။

၉။  Coenzyme Q10 (Co-Q10)
Co-Q10 ဟာ ဗီတာမင်နဲ့ဆင်တူပြီး ကိုယ်ခန္ဓာဆဲလ်တိုင်းမှာတွေ့ရတဲ့ ဓာတ်တစ်မျိုးပါ။ အင်တီအောက်ဆီဒန့်အနေနဲ့ ဆောင်ရွက်ပေးပြီး ဘေးဖြစ်မယ့်အရာတွေကနေ ကာကွယ်ပေးပါတယ်။ နှလုံးနဲ့ကြွက်သားတွေကို ကာကွယ်ပေးနေတဲ့ အင်ဇိုင်းတွေကိုကူညီထောက်ပံ့ပေးပါတယ်။ ဒီလိုအစွမ်းရှိတဲ့ Co-Q10 ကို နှလုံး၊ အသည်း၊ ကျောက်ကပ် စတဲ့ ကလီစာတွေနဲ့ အမဲသား၊ ပဲပိစပ်ဆီ၊ ဆာဒင်းငါး၊ ငါးသေတ္တာနဲ့ မြေပဲတွေကနေ ရရှိနိုင်ပါတယ်။

၁၀။  L-carnitine
L-carnitine ဟာ ကိုယ်ခန္ဓာမှာ စွမ်းအင်ထုတ်လုပ်ရေးအတွက် အရေးပါတဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်ဟာ နှလုံးကျန်းမာရေးအတွက် အရမ်းအရေးပါပြီး နှလုံးသွေးကြောကျဉ်းလက္ခဏာတွေကိုလည်း သက်သာစေတာကို တွေ့ရပါတယ်။ နှလုံးသွေးကြောပိတ်ပြီးနောက် L-carnitine သောက်ပေးခြင်းဖြင့် နောက်ပိုင်း နှလုံးပျက်စီးမှုတွေကို လျှော့ချရာမှာ ကူညီပေးပါသေးတယ်။

၁၁။  ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အနံ့အရသာကို ကောင်းစေရုံတင်မက ဆေးအဖြစ်သောက်ပေးခြင်းဖြင့်လည်း သွေးပေါင်ကျစေပြီး နှလုံးသွေးကြောပိတ်ခြင်းကို လျော့နည်းစေတာကို တွေ့ရပါတယ်။

ဒီလိုအာဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်ထည့်သွင်းစားသောက်ပေးခြင်းဖြင့် နှလုံးသားလေး ကျန်းမာစေတဲ့အပြင် သက်ရှည်ကျန်းမာစေနိုင်ပါလိမ့်မယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)