/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးသွေးကြောပိတ်ခြင်းရဲ့တခြားနိမိတ်ပြလက္ခဏာတွေ-သိကြဖို့

နှလုံးသွေးကြောပိတ်ခြင်းရဲ့တခြားနိမိတ်ပြလက္ခဏာတွေ သိကြဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ရင်ဘတ်အောင့်လို့ ဆေးရုံကို လာပြတယ်။ ဆေးရုံ၊ ဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်သလို စစ်ဆေးစမ်းသပ်ကြပါတယ်။

          နှလုံးသွေးကြောပိတ်တာကြောင့် ဖြစ်သလား၊ တခြားရောဂါတွေကြောင့် ဖြစ်သလား ရောဂါရာဇဝင်ကို စစ်စစ်ပေါက်ပေါက် မေးရတယ်။ ဘာလို့လဲဆိုတော့ သိပ်ကိုအရေးကြီးတဲ့ အသက်အန္တရာယ် စိုးရိမ်ရအခြေအနေ ရုတ်တရက် နှလုံးသွေးကြောပိတ်တာကို လွတ်မသွားချင်လို့ပါ။

          ရုတ်တရက် နှလုံးသွေးကြောပိတ်တာ ဘာလို့ ဒီလောက်ကြောက်စရာကောင်းသလဲ။ နှလုံးသွေးကြောပိတ်တာနဲ့ ဆက်စပ်နှလုံးကြွက်သား ပုပ်သွားပြီး နှလုံးညှစ်အား ကျသွားပါတယ်။ နှလုံးကြွက်သား ထိခိုက်တဲ့ဧရိယာ များတာနဲ့အမျှ အသက်သေဆုံးမှုထိ ဖြစ်နိုင်လို့ပါ။ နှလုံးဌာနကို အရေးပေါ်လွှဲအပ်ပြီး ဆေးဝါး သို့မဟုတ် ခွဲစိတ်မှုနဲ့ ပြန်လည်သွေးကြောချဲ့ဖို့ လိုတတ်ပါတယ်။

          ဒီနေရာမှာ သုတေသနအသစ်တစ်ခုရဲ့ တွေ့ရှိချက်အရ လူနှစ်ယောက်မှာ တစ်ယောက်ဟာ သူတို့ရင်ဘတ်အောင့်တာကို နှလုံးသွေးကြောနဲ့ ဆိုင်တယ်လို့ မထင်ကြပါဘူးတဲ့။ ရင်ဘတ်အောင့်တာဟာ နှလုံးသွေးကြောပိတ်တာအပြင် တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာအားဖြင့် အစာအိမ်အက်ဆစ်ဓာတ်ကြောင့် အစာရေမျိုပြွန်ရောင်တာ၊ နံရိုးက အရိုးနုဆက်ကြောင်းလေးတွေ ရောင်တာ၊ အာရုံကြော ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါသေးတယ်။

          သုတေသနတွေအရ အမျိုးသမီး 10 ယောက်မှာ 2 ယောက်ဟာ စိတ်ဖိစီးမှု များရင်လည်း ရင်ဘတ်အောင့်တယ်လို့ ထင်တတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် ရင်ဘတ်အောင့်တတ်တာ မှန်ပေမယ့် တခြားနိမိတ်ပြလက္ခဏာတွေ ရှိသေးတာမို့ နှလုံးသွေးကြောဆိုင်ရာရောဂါကို မမေ့ထားသင့်ပါဘူး။

          ဒီ့ထက် အရေးကြီးတာက အမျိုးသမီးတွေဟာ နှလုံးသွေးကြောပိတ်ရင် ရင်ဘတ်အောင့်တာထက် တခြားလက္ခဏာတွေ ပိုတွေ့ရတတ်ပါတယ်။

          ဒါကြောင့်် ရုတ်တရက် နှလုံးသွေးကြောပိတ်တာကို မဖြစ်မနေ သတိထားစေချင်တာပါ။ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ ကိုယ်တိုင်တောင် အရေးကြီးလက္ခဏာတွေ မကြာခဏ လွတ်သွားတတ်လို့ ဖြစ်ပါတယ်။

          လူ 10 ယောက်မှာ 9 ယောက်က နှလုံးသွေးကြောပိတ်တာနဲ့ ရင်ဘတ် စအောင့်ပါတယ်။

          ဒါဆို ရင်ဘတ်အောင့်တာ တစ်ခုတည်းက နှလုံးသွေးကြောရောဂါရဲ့ လက္ခဏာလား။ လုံးဝမဟုတ်ဘူးလို့ ဖြေရမှာပါ။

          တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်းပါ။

•        အိပ်မပျော်ခြင်း

•        ခေါင်းမူး ခေါင်းမကြည်ဘဲ ချွေးစေးတွေ ပြန်လာခြင်း

•        အလိုလိုနေရင်း မောပနိးနွမ်းနယ်နေခြင်း၊ ရုတ်တရက်မောလာခြင်း

•        ရင်ဘတ်မှာ တက်ဖိထားသလို ခံစားရခြင်း

          ရင်ဘတ်ကနေ လက်မောင်းနဲ့ မေးရိုးထိ ကျဉ်တက်လာခြင်းတို့ ဖြစ်လာရင်လည်း သတိကြီးကြီးထားပြီး ဆရာဝန် ပြသရပါမယ်။

          ဒီနေရာမှာ ကျန်းမာရေးဝန်ထမ်းတွေက ရောဂါရာဇဝင် တိတိပပ မေးဖို့လိုအပ်သလို ဖြေတဲ့သူဘက်ကလည်း ဖြစ်တာကို မှန်မှန်ကန်ကန် ဖြေကြားနိုင်ဖို့ လိုပါတယ်။

          ကိုယ့်မှာ ရင်ဘတ်မအောင့်ဘဲ ဖော်ပြပါ တခြားလက္ခဏာတွေ ရှိလာရင်လည်း ရုတ်တရက် နှလုံးသွေးကြောပိတ်တာ ဖြစ်နိုင်ကြောင်း သတိမလွတ်ကြစေဖို့ တင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)