နှလုံးအတွက် မကောင်းသော အလေ့အကျင့်များ
1. ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
လေ့ကျင့်ခန်းလုပ်တာက ကောင်းပါတယ်။ ဒါပေမဲ့ ကျန်တဲ့အချိန်တွေမှာ အထိုင်များနေတာကလည်း ပြဿနာတစ်ခုပါပဲ။ အမှန်တော့ တစ်နေ့လုံး လှုပ်ရှားမှုရှိနေဖို့ လိုအပ်ပါတယ်။ စားပွဲမှာ ထိုင်ရတဲ့အလုပ် လုပ်ရသူဆိုရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေဖို့အတွက် တစ်နာရီ တစ်ခါလောက် လမ်းထလျှောက်ပါ။ အနီးအနားပဲ လျှောက်ရင် ရပါတယ်။ ရုပ်ရှင်ဖြစ်ဖြစ် တီဗွီအစီအစဉ်တစ်ခုခု ကြည့်နေတယ်ဆိုရင်လည်း ကြော်ငြာလာချိိန် (သို့) ကြားချိန် တစ်ခုခုမှာ ထပြီး လှုပ်ရှားမှုတစ်ခု လုပ်ပါ။
2. ငယ်သေးတယ်လို့ ထင်ခြင်း
နှလုံး ကျန်းမာဖို့အတွက် လမ်းလျှောက်ရင် လေ့ကျင့်ခန်းလုပ်ရန် မလိုအပ်သေးဘူး၊ ငယ်သေးတယ်လို့ မတွေးပါနဲ့။ လေ့ကျင့်ခန်း လုပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။ ကိုယ့်ရဲ့သွေးပေါင်ချိန်၊ သွေးတွင်း ကိုလက်စရောပမာဏနဲ့ သွေးတွင်းသကြားဓာတ်တွေကို သိအောင်လုပ်ထားပါ။ နှလုံး ကျန်းမာဖို့အတွက် အခုပဲ စပြီးလုပ်လိုက်ပါ။
3. တစ်ကြိမ်တည်းနဲ့ အလွန်အကျွံသောက်ခြင်း
လူအများစုအတွက် အရက် အတော်အသင့်သောက်တာ (အမျိုးသမီးတွေဆိုရင် တစ်နေ့ 1 ခွက်၊ အမျိုးသားတွေမှာ 2 ခွက်လောက် သောက်တာ) က အဆင်ပြေပါတယ်။ ဒီလိုမျိုး ချင့်ချိန််ပြီး နေ့စဉ်သောက်တာက နှလုံးကျန်းမာရေးကိုတောင် အထောက်အကူ ပြုနိုင်ပါတယ်။ ဒီထက် ပိုသွားပြီဆိုရင်တော့ သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းအဆီဓာတ် များခြင်းတွေကို ဖြစ်စေပါတယ်။ တစ်ကြိမ်တည်းနဲ့ အများကြီးသောက်ရင် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်တဲ့အတွက် အကန့်အသတ်ထား သောက်ပါ။
4. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို မလေးစားခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေအားလုံးက အုတ်ဂျုံတွေပဲဖြစ်ပြီး ဒါတွေပဲ တစ်ချိန်လုံး စားရတာ ငြီးငွေ့လာတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒီကျန်းမာရေးနဲ့ ညီညွတ်တဲ့ Mediterranean-style အစားအစာတွေထဲမှာ အရသာရှိတာတွေ အများကြီး ရှိပါတယ်။ သံလွင်ဆီ၊ အခွံမာသီးတွေ၊ သစ်သီး၊ ပြုပြင်မထားသော အစေ့အဆံ့များ၊ ငါး၊ အသား၊ ဝိုင်နီ စတာတွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ အဆီတွေ၊ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တဲ့အတွက် ဒါတွေကို အရသာရှိအောင်လုပ်ပြီး စားသုံးတဲ့အကျင့် ရအောင်လုပ်ပါ။
5. ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့အချက်တွေကို မသိခြင်း
မိမိရဲ့ သွေးတွင်း ကိုလက်စရောပမာဏ၊ သွေးပေါင်ချိန် စတဲ့အချက်တွေကိုမသိရင် အန္တရာယ် များပါတယ်။ ဒါတွေက ကိုယ်မသိဘဲ မြင့်မားနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နေထိုင်လို့ ကောင်းနေပေမယ့် သွေးတိုးနေနိုင်ပါတယ်။ သွေးတွင်းအဆီဓာတ်တွေ များနေနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ကာကွယ်ပါ။ အသက် 20 အရွယ်ကစပြီး ဆရာဝန်နဲ့ မကြာခဏ သွေးစစ်ဆေးမှုတွေ ပြုလုပ်ပါ။
6. ခါးမရှိခြင်း
ဝမ်းဗိုက်တစ်ဝိုက်က အဆီတွေက နှလုံးအတွက် တကယ်ကို မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်ခါး ကိုယ်ပြန်တိုင်းကြည့်ပါ။ အမျိုးသမီးတွေမှာ ခါးအတိုင်း 35 ထက်ကျော်ရင် အမျိုးသားတွေမှာ 40 ထက် ကျော်ရင် အန္တရာယ်များတဲ့ လက္ခဏာပါ။ ဒါကြောင့် တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း ကိုယ်အလေးချိန် ချပါ။ ကိုယ်အလေးချိန် အနည်းငယ် ကျသွားခြင်းကတောင်မှ နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။
7. ကိုယ့်ရဲ့ စိတ်မပျော်ရွှင်မှုကို လျစ်လျူရှုထားခြင်း
စိတ်ပိုင်းဆိုင်ရာ ခံစားချက် မကောင်းတဲ့အခါမှာ ဘာမှလုပ်ချင်စိတ်မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ထက် ပိုပြီးစိတ်ကျနေတယ်ဆိုရင် ဆရာဝန် (သို့) စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြသပြီး ဆွေးနွေးကြည့်ပါ။ ကိုယ့်စိတ်ခံစားချက်ကို ပြန်ကောင်းလာစေမယ့် ကုသမှု၊ လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း စတာတွေလုပ်ပြီး အားအင်တွေကို ပြန်လည်ရယူလိုက်ပါ။
8. တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရခြင်း
ကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း သူများသောက်ပြီး မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေက နှလုံးနဲ့ သွေးကြောတွေကို ထ်ိခိုက်စေတဲ့အတွက် ဆေးလိပ်ငွေ့တွေကို ရှောင်ကြဉ်ရပါမယ်။ ကိုယ့်ဘေးနားမှာ ကိုယ်နဲ့ အချိန်တွေအများကြီး အတူရှိနေသူတွေမှာ ဆေးလိပ်သောက်တတ်သူတွေ ပါတယ်ဆိုရင် သူတို့ကို ကိုယ့်အနားမှာ မသောက်ဖို့ပြောပါ။ အလုပ်မှာ၊ အိမ်မှာ၊ ကားထဲမှာ ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ့်အနားမှာ မသောက်ပါစေနဲ့။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့သူဆိုရင်လည်း ဆေးလိပ်ဖြတ်ခြင်းဖြင့် နှစ်ဦးလုံးအတွက် ကောင်းကျိုးတွေ ရရှိစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























