နှလုံးအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံးနို့များ
နို့အားလုံးဟာ အတူတူပဲမဟုတ်ပါ
ယခုအခါမှာ ကွေကာအုပ်ထဲကို ထည့်ဖျော်လို့ပဲဖြစ်ဖြစ်၊ ညလယ်စာအနေနဲ့သောက်သုံး လိုတာဖြစ်ဖြစ် ရွေးချယ်စရာနို့အမျိုးအစားတွေက ပိုမိုများပြားလာပါတယ်။ ဥပမာအားဖြင့် ယခင်တုန်းက နွားနို့ဟာ ကယ်လ်စီယမ်နှင့် ဗီတာမင် A, D တို့ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးသာမက ခန္ဓာကိုယ်အတွက်လည်း အလွန်သင့်တော်တယ်လို့ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် နွားနို့မှာပြည့်ဝဆီတွေ ပါဝင်တာကြောင့် ကိုလက်စထရောလ်များနေသူတွေအတွက် မသင့်တော်ပါဘူး။ နွားနို့မတည့်တဲ့ သူတွေအတွက်လည်း အခြားရွေးချယ်စရာ နို့အမျိုးအစားတွေရှိနေပါသေးတယ်။
Boston မှာရှိတဲ့ Massachusetts အထွေထွေဆေးရုံ၏ အာဟာရဗေဒဌာနအကြီးအကဲဖြစ်သူ Deborah Krivitsky ရဲ့ အဆိုအရ လူတော်တော်များဟာ နို့အမျိုးအစားရွေးချယ်ရာမှာ ကျန်းမာရေးအတွက် ထည့်မစဉ်းစားဘဲ အရသာနဲ့ကိုယ်နဲ့တည့်မတည့်ပေါ်ပဲမူတည်ပြီးတော့ ရွေးချယ်လေ့ ရှိကြကြောင်း၊ နို့အမျိုးမျိုးမှာ ကောင်းကျိုး၊ ဆိုးကျိုး ယှဉ်တွဲနေကြောင်းသိရပါတယ်။
1. ခြံထွက်နွားနို့စစ်စစ်
နွားနို့တစ်ခွက်မှာ 146 ကယ်လိုရီ၊ ပြည့်ဝအဆီ 5 ဂရမ်နဲ့ ကိုလက်စထရော 24 မီလီဂရမ်အပြင် အသားဓာတ်၊ အာဟာရဓာတ်၊ ဗီတာမင်၊ ဓာတ်ဆားနဲ့ ကယ်လ်ဆီယမ်တို့လည်းပါဝင်ပါတယ်။ ထို့ပြင် သွေးပေါင်တက်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ ပိုတက်ဆီယမ်ဓာတ်လည်းပါဝင်ပါတယ်။ 2013 ဒီဇင်ဘာလမှာပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုအရ နွားနို့မှာအရောင်ကျစေနိုင်စွမ်းရှိတဲ့ အိုမီဂါ 3 (ငါးကြီးဆီ) လည်းများစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးတွက်လည်း သင့်တော်ကြောင်းသိရှိရပါတယ်။
နှလုံးရောဂါအထူးကုဆရာဝန်ကြီး Dr.John Day ကမူ မကောင်းတဲ့ပြည့်ဝအဆီ ပါဝင်မှုများတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်အများစုဟာ နို့သောက်တော့မယ်ဆိုရင် အဆီပါဝင်မှုနည်းတဲ့ ဒါမှမဟုတ် အဆီလုံးဝမပါတဲ့ နွားနို့မျိုးကိုသာ ရွေးချယ်သောက်သုံးသင့်ကြောင်းအကြံပြုထားပါတယ်။ အဆီမပါတဲ့ နွားနို့တစ်ခွက်မှာ 83 ကယ်လိုရီနဲ့ ကိုလက်စထရောလ် 5 မီလီဂရမ်သာ ပါဝင်ကြောင်းလည်းဖော်ပြထားပါတယ်။
2. မကျိုချက်ရသေးသောနွားနို့
မကျိုချက်ရသေးတဲ့နွားနို့မှာ ပုံမှန်နွားနို့တွေနဲ့ယှဉ်ရင် ကယ်လိုရီ၊ ပြည့်ဝအဆီနဲ့ ကိုလက်စထရောလ် ပါဝင်မှုနှုန်းမှာ တူတူဖြစ်ပြီး အချို့ကတော့ ပိုအာဟာရရှိတယ်လို့ယူဆကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေဟာ နွားနို့ကိုမကျိုချက်ဘဲသောက်ခြင်းနဲ့ နွားနို့ အစိမ်းမှပြုလုပ်တဲ့ နို့ထွက်ပစ္စည်းတွေကို မစားသင့်ဘူးလို့ အမေရိကန်ပြည်ထောင်စု ကလေးဆရာဝန်များအကယ်ဒမီက အကြံပေးထားပါတယ်။ နွားနို့ကို မကျိုချက်ထားတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေရှိနေနိုင်ပြီး ကိုယ်ခံအားစနစ်မကောင်းတဲ့သူတွေမှာ အစားအစာမှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနရဲ့ထုတ်ပြန်ချက်အရ ပိုးသတ်ထားတဲ့နွားနို့တွေထက်စာရင် နွားနို့အစိမ်းတွေမှာ ဘက်တီးရီးယားပိုးပါဝင်နိုင်ချေက အဆ 150 ထက်ပိုမိုမြင့်မားကြောင်းသိရှိရပါတယ်။
3. ပဲနို့
နွားနို့မှာပါတဲ့ သကြားဓာတ်တစ်မျိုးဖြစ်တဲ့ Lactose နဲ့မတည့်တဲ့သူတွေသောက် သုံးနိုင်တဲ့ နို့အမျိုးအစားတစ်ခုဖြစ်ပြီး ပုံမှန်ပဲနို့တစ်ခွက်မှာ 80 ကယ်လိုရီနဲ့ အဆီ 2 ဂရမ်သာပါဝင်ပါတယ်။ ပဲနို့ကို အပင်ကရတာကြောင့် ကိုလက်စထရောလ်လုံးဝ မပါဝင်တဲ့အပြင် ပြည့်ဝအဆီပါဝင်မှုကလည်း မပြောပလောက်ပေ။ ပဲနို့တစ်ခွက်မှာ အသားဓာတ် 7 ဂရမ်ခန့် ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အစားစာတစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးကောလိပ်ရဲ့အဆိုအရ ပဲနို့နဲ့ပဲပြားတွေမှာပါဝင်တဲ့ အသားဓာတ်ကိုတစ်နေ့လျှင် 25 ဂရမ်မျှ စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ကြောင်းသိရှိရပါတယ်။ ထို့ပြင် မပြည့်ဝအဆီ၊ ဓာတ်ဆား၊ ဗီတာမင်၊ အမျှင်ဓာတ်တို့လည်း အမြောက်အမြားပါဝင်ကြောင်းသိရပါတယ်။ Krivitsky ကတော့ မဝယ်ယူမီပါဝင်ပစ္စည်းများကို သေချာကြည့်ရှုစစ်ဆေးသင့်ကြောင်းနဲ့ သကြားပါဝင်မှုနည်း၍ ကယ်လ်စီယမ်ဓာတ်ထပ်ဖြည့်ထားသော နို့မျိုးကိုရွေးချယ်သင့်ကြောင်း အကြံပေးထားပါတယ်။
4. လျှော်ပင်မှရသောနို့
နို့အမျိုးအစားအသစ်တစ်မျိ်ုးဖြစ်ပြီး လျှော်ပင်၏ အစေ့မှထုတ်ယူထားခြင်းဖြစ်ပါတယ်။ ၎င်းရဲ့အရသာနဲ့ ပုံသဏ္႑ာန်ဟာ သစ်အယ်သီးနို့နဲ့တူပြီး lactose (သို့) ပဲနို့နဲ့ မတည့်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ၎င်းနွားနို့တစ်ခွက်မှာ 80 ကယ်လိုရီနဲ့ ပြည့်ဝအဆီ ½ ဂရမ်သာပါဝင်၍ ကိုလက်စထရောလ်လုံးဝပါဝင်ခြင်းမရှိတဲ့အပြင် အိုမီဂါ 3 (ငါးကြီးဆီ) ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် အလွန်ပင်သင့်တော်ပါတယ်။ ထို့ပြင် နှလုံးကိုအထောက်အကူပြုနိုင်တဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်းပါရှိကြောင်း Maryland ဆေးပညာဌာနရဲ့အဆိုအရသိရှိရပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကို လုံလောက်စွာရရှိပါက နှလုံးခုန်နှုန်းပုံမှန်ဖြစ်နေနိုင်ပြီး နည်းသွားပါက နှလံးခုန်နှုန်းမမှန်ရာမှ နှလုံးအပေါ်ပိုင်းခါခြင်း အခြေအနေထိဖြစ်နိုင်ပါတယ်။
5. အုန်းနို့ရည်
ကော်ဖီ၊ ကွေကာ၊ လက်ဖက်ရည်တို့တွင် ထည့်သောက်လို့ရပြီး 8 အောင်စ တစ်ဖန်ခွက်ကိုမှ 45 ကယ်လိုရီသာပါဝင်ပါတယ်။ အချိုမပါတဲ့အုန်းနို့ရည်တစ်ခွက်မှာ ပြည့်ဝဆီ 4 ဂရမ်ပါဝင်ပေမယ့်လည်း အများစုဟာ ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့ အဆီမျိုးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Dr.Day ရဲ့အဆိုအရ အုန်းသီးအများကြီးစားသုံးသူများတွင် နှလုံးရောဂါဖြစ်တာကို မတွေ့ရကြောင်းသိရပါတယ်။ ဒါပေမယ့်လည်း အုန်းသီးနဲ့ အုန်းနို့တို့ဟာ အမှန်တကယ်နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မပြုနိုင်ကတော့ သုတေသနစမ်းသပ်ချက်တွေ ထပ်မံပြုလုပ်ရန်လိုသေးပြီး ဘာပဲဖြစ်ဖြစ်နှလုံးရောဂါဝေဒနာရှင်တွေအနေနဲ့ အုန်းသီးနဲ့ပတ်သက်တာတွေစားသုံးရာမှာတော့ သတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းကို အာဟာဗေဒပညာရှင် Lavinic Butuza က အကြံပေးထားပါတယ်။
6. ဆန်နို့
နွားနို့ကဲ့သို့ပင် ကယ်လ်ဆီယမ်ဓာတ်အမြောက်အမြားပါဝင်သော်လည်း ဆန်နို့တစ်ခွက်မှာ 113 ကယ်လိုရီသာပါဝင်၍ မပြည့်ဝဆီနှင့် ကိုလက်စထရောလ်မပါရှိခြင်း၊ ကစီဓာတ်များပြားစွာပါရှိခြင်းတို့ကြောင့် ကျန်းမာရေးနဲ့သင့်တော်ပါတယ်။ တစ်ခုသတိပြုရန်ကတော့ ဆန်နို့မှာ အသားဓာတ်ပါဝင်မှုအလွန်နည်းတာကြောင့် အခြားအသားဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပိုမိုစားသုံးသင့်ပါတယ်။ ပရိုတင်း (အသားဓာတ်) ဟာ နှလုံးကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း၊ ပရိုတင်းလုံလောက်စွာမရရှိပါက မကောင်းတဲ့ကိုလက်စထရောလ်အဖြစ်ပြောင်းနိုင်တဲ့ ကစီဓာတ်တွေကိုအများကြီးစားမိနိုင်ကြောင်းကို Butuza က သတိပေးထားပါတယ်။
7. ဆိတ်နို့
နွားနို့ကဲ့သို့အာဟာရဓာတ်အပြည့်အဝပါဝင်တဲ့အပြင် lactose သကြားဓာတ်နဲ့ မတည့်တဲ့သူများအတွက်လည်း အလွန်ပင်သင့်တော်ပါတယ်။ ဒါပေမယ့်လည်း နို့တစ်ခွက်မှာ 168 ကယ်လိုရီ၊ ပြည့်ဝဆီ 6.5 ဂရမ်နှင့် 27 မီလီဂရမ် ကိုလက်စထရောလ်တို့ ပါဝင်ကြောင်းတွေ့ရှိရပါတယ်။
Mayo ဆေးခန်းရဲ့အဆိုအရ ပြည့်ဝဆီစားသုံးမှုကို လျှော့ချခြင်းဖြင့်သွေးတွင်းကိုလက်စထရောလ် ပမာဏကိုကျစေပြီး သွေးကြောနှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကိုလက်စထရောလ်ပမာဏမြင့်မားပါက သွေးကြောနံရံများတွင် စုပုံခြင်းကြောင့် သွေးကြောကျဉ်းနိုင်ပြီး လေဖြတ်ခြင်းနှင့်နှလုံးတိုက်ခိုက်ခံရခြင်းတို့ဖြစ်စေနိုင်ပါတယ်။
Butuza ကမူ အဆီပါဝင်မှုနည်းတဲ့ ဆိတ်နို့ကိုရှာဖွေရန် မလွယ်ကူတဲ့အပြင် လိုအပ်တဲ့ ဗီတာမင်နဲ့ ဓာတ်ဆားပါဝင်မှုဟာလည်း နွားနို့ကိုမမီကြောင်း၊ ဖောလစ်နဲ့ ဗီတာမင် B12 တို့လည်း အနည်းငယ်သာပါဝင်ကြောင်း၊ မကျိုချက်ဘဲသောက်သုံးပါက အစားအသောက်မှတဆင့် ကူးစက်တတ်သောရောဂါများကို ခံစားရနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Dr. Thinzar Wynn




























