/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာခေါင်းသွေးလျှံခြင်းအကြောင်း-သိကောင်းစရာ

နှာခေါင်းသွေးလျှံခြင်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    နှာခေါင်းသွေးလျှံခြင်း

          နှာခေါင်းသွေးလျှံခြင်းဟာ ဘာလက္ခဏာမှမပြသဘဲ ရုတ်တရက်ကြီး ဖြစ်တတ်ပါတယ်။

          နှာခေါင်းထဲမှာ အလွယ်တကူပေါက််ပြီး သွေးထွက်နိုင်တဲ့ သွေးကြောငယ်လေးတွေ အများအပြား ရှိနေတာကြောင့် ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များပါတယ်။ ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့လေဟာ နှာခေါင်းအတွင်းသားကို ခြောက်ကပ် အက်ကွဲစေတတ်တဲ့အတွက် သွေးထွက်လာရခြင်းပဲ ဖြစ်ပါတယ်။

          နှာခေါင်းသွေးလျှံခြင်းဟာ စိုးရိမ်စရာ မလိုအပ်ပေမယ့် ဘယ်လိုသွေးတိတ်အောင် လုပ်ရမယ်၊ ဘယ်အချိန်မှာ ဆေးရုံကို ပြေးသင့်တယ်ဆိုတာတွေကို သိထားသင့်ပါတယ်။

 

>>    ဘာကြောင့် နှာခေါင်းသွေးလျှံရတာလဲ?

          နှာခေါင်းသွေးလျှံခြင်းဟာ နှာခေါင်းနှိုက်တာ၊ နှပ်ညှစ်အားပြင်းတာ၊ နှာဖြန်းဆေး ခဏခဏထည့်ရင်း ထိခိုက်မိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှုတွေ၊ အအေးမိ နှာစေးတာတွေကြောင့် နှာခေါင်းအတွင်းလမ်းကြောင်း ရောင်လာတဲ့အခါလည်း နှာခေါင်းသွေးလျှံဖို့လမ်းစ ပိုများလာပါတယ်။

          ရံဖန်ရံခါမှာ ကားတိုက်မိတာ၊ နှာခေါင်းကို လက်သီးနဲ့ထိုးတာ စတဲ့ နှာခေါင်း ဒဏ်ရာအနာတရဖြစ်တဲ့အခါ နှာခေါင်းသွေး လျှံတတ်ပါတယ်။ ဓာတ်မတည့်မှုကို ကုသတဲ့ဆေးတွေနဲ့ ကိုကင်းလိုမျိုး တရားမဝင်ဆေးတွေဟာလည်း နှာခေါင်းသွေးလျှံစေနိုင်ပါတယ်။

          ရှားရှားပါးပါး မျိုးရိုးဗီဇလိုက် သွေးကြောကျယ်ပြီး သွေးထွက်တတ်တဲ့ရောဂါ၊ သွေးမတိတ်ရောဂါတွေနဲ့ ကင်ဆာရောဂါတွေမှာလည်း နှာခေါင်းသွေးလျှံပြီး လာတတ်ကြပါတယ်။

 

>>    သွေးတိတ်အောင် ဘယ်လိုလုပ်ကြမလဲ?

          အိမ်မှာပဲ ကိုယ့်ဟာကိုယ် သွေးတိတ်အောင် လုပ်နိုင်ပါတယ်။

          ပထမဦးဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားတဲ့အခါ သွေးထွက်တာ ပိုဆိုးစေတတ်ပါတယ်။ ခေါင်းကို ရှေ့နည်းနည်း ငိုက်လိုက်ပါ။ နောက်ပြန်လှန်ခြင်းဟာ သွေးတွေ လည်ချောင်းတစ်လျောက် စီးသွားနိုင်တဲ့အတွက် မလုပ်သင့်ပါဘူး။ နှာခေါင်းအဖျားကို လက်ညှိုးလက်မနဲ့ 5 မိနစ်ခန့် ဖွဖွဖိထားပါ။ အကယ်၍ သွေးထွက်တာ မရပ်ဘူးဆိုရင်တော့ 5 မိနစ်၊ 10 မိနစ်ခန့် ထပ်ဖိထားလိုက်ပါ။

          သွေးတိတ်သွားတဲ့အခါ နှာခေါင်းထဲက သွေးကြောတွေ ကျဉ်းသွားအောင် နှာဖြန်းဆေးလေး ဖြန်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ဖြန်းခိုင်းမှ ဖြန်းသင့်ပါတယ်။ သွေးကြောတွေ ကျဉ်းသွားတဲ့အခါ သွေးတိုးစေနိုင်တဲ့အတွက် သွေးတိုးရောဂါနဲ့ အခြားကျန်းမာရေးပြဿနာရှိသူတွေမှာ မသုံးသင့်ပါဘူး။

          နှာခေါင်းထဲကို တစ်ရှူးတွေ၊ ဂွမ်းတွေ ထည့်ခြင်းက နှာခေါင်းထဲက သွေးကြောတွေကို ပိုပေါက်စေနိုင်တဲ့အတွက် လုံးဝမထည့်သင့်ပါဘူး။

 

>>    နှာခေါင်းသွေးမလျှံအောင် ဘယ်လိုကာကွယ်ကြမလဲ?

          ခြောက်သွေ့တဲ့ဆောင်းရာသီတွေမှာ နှာခေါင်းအတွင်း နံရံတွေကို အစိုဓာတ်ရစေဖို့ မိုးရေ နှာဖြန်းဆေး သုံးပေးနိုင်တဲ့အပြင် ညဘက်တွေမှာ ရေငွေ့ပေးစက်တွေ သုံးသင့်ပါတယ်။

          ရေနံအလှဆီကို နှာခေါင်းထဲ လိမ်းခြင်း မလုပ်သင့်ပါဘူး။ တစ်ခါတစ်ရံ နှာခေါင်းမှတစ်ဆင့် အဆုတ်ထဲဝင်သွားပြီး အဆုတ်ရောင်တာတွေ ဖြစ်တတ်ပါတယ်။ မိုးရေဂျယ်လ်အဆီဖြစ်ဖြစ် ဆရာဝန်ညွန်ကြားတဲ့ ပိုးသတ်လိမ်းဆေးဖြစ်ဖြစ် စတာတွေကိုသာ လိမ်းသင့်ပါတယ်။

          နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေက နှာခေါင်းနှိုက်ရာကနေ နှာခေါင်းသွေးထွက်တာကို ကာကွယ်ဖို့ရာ ကလေးတွေကို လက်သည်း သေချာညှပ်ပေးဖို့ အကြံပြုကြပါတယ်။ ဆေးလိပ်ဟာ နှာခေါင်း ခြောက်စေနိုင်တဲ့အတွက် ဆေးလိပ်ကိုလည်း ဖြတ်သင့်ပါတယ်။

 

>>    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?

          နှာခေါင်းသွေးလျှံနေတာ မိနစ် 30 ကြာတဲ့အထိ မရပ်ဘူးဆိုရင် ဆေးရုံ၊ ဆေးခန်း အမြန်ပြေးသင့်ပါတယ်။

          မရပ်မတန့် တောက်လျောက် သွေးထွက်နေတယ်။ ရပ်သွားပြီးမှ ပြန်ပြန်ထွက်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ နှာခေါင်းသွေးထွက်နေတာဟာ ကင်ဆာလိုမျိုး အရေးကြီး ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နေနိုင်တဲ့အတွက် သေချာစစ်ဆေး စမ်းသပ်ပြီး အကြောင်းရင်းကို စမ်းသပ်စစ်ဆေး ရှာဖွေသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)