/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာရည်ယို၊-နှာပိတ်တဲ့အခါ-ဆောင်ရန်ရှောင်ရန်-အချက်များ

နှာရည်ယို၊ နှာပိတ်တဲ့အခါ ဆောင်ရန်/ရှောင်ရန် အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦       ဖြစ်နိုင်ရင် လေယာဉ်မစီးပါနဲ့။

        ဒီလိုဖြစ်နေချိန်မှာ လေယာဉ်စီးရင် နားကိုက်ခြင်းနဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ မဖြစ်မနေ လေယာဉ်စီးရမယ်ဆိုရင် လေယာဉ်တက်တဲ့အချိန်မှာ သမ်းတာ၊ မျိုချတာတွေ လုပ်ပါ။ လေယာဉ်မဆင်းခင်မှာ ခေါင်းကို အောက်ငုံ့ထားပါ။ ပါးစပ်ပိတ်ပြီးတော့ နှာခေါင်းကနေပြီးတော့ ဖြည်းဖြည်းချင်း မှုတ်ထုတ်တာတွေလည်း လုပ်ကြည့်လို့ရပါတယ်။

 

♦       ကိုယ့်ရဲ့ခံစားနေရတာတွေကို သက်သာစေမယ့်ဆေးတွေကို သေချာရွေးပါ။

          ခေါင်းနဲ့မျက်နှာတွေ နာကျင်ကိုက်ခဲနေတာလား၊ ဒါဆိုရင် ပါရာစီတမော/ ibuprofen ဆေးတွေက ပိုကောင်းလာစေပါတယ်။ နှာပိတ်သက်သာစေမယ့် spray တွေကလည်း ပိတ်နေတဲ့နှာခေါင်းတွေကို ပွင့်စေနိုင်ပေမယ့် ရက်အနည်းငယ်ထက် ပိုပြီးတော့ မသုံးပါနဲ့။ ကြာကြာကြီးစွဲသုံးရင် ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

 

♦       ရေဓာတ်ပြည့်ဝအောင် နေပါ။

          နှာရည်ယို၊ နှာပိတ်နေချိန်မှာ အရည်များများ သောက်ပါ။ လက်ဖက်ရည်လိုမျိုး ရေနွေးနွေးလေးကလည်း သက်သာစေနိုင်ပါတယ်။ ပူတဲ့အရည်တွေက နှာခေါင်းထဲက ပိတ်ခဲနေတာတွေကို သက်သာစေပါတယ်။

 

♦       အရက်မသောက်ပါနဲ့။

          အရည်များများ သောက်ရမယ်ဆိုပေမယ့်လည်း ကော့တေး၊ ဝိုင်၊ ဘီယာတွေတော့ မရပါဘူးနော်။ ဒါတွေက အရည်တွေ ဆိုပေမယ့်လည်း အာခြောက်၊ ရေဓာတ်ခန်းခြောက်စေတဲ့ အရည်တွေပါ။ ပြီးတော့ နှာခေါင်းနံရံတွေကို ပိုရောင်စေပြီးတော့ ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။

 

♦       အပူကပ်ပါ။

          စိုစွတ်တဲ့အပူဓာတ်က နှာခေါင်းတွေထဲမှာဖြစ်နေတဲ့ ဖိအားတွေကို သက်သာစေပြီးတော့ ပိတ်နေတာတွေကို ပွင့်သွားစေတဲ့အတွက် နာကျင်မှုတွေကို သက်သာစေပါတယ်။ ရေနွေးပူလေးနဲ့ စိမ်ထားတဲ့ တဘက်စိုစိုလေးကို မျက်နှာပေါ်မှာတင်ပြီးတော့ နှာခေါင်းထဲကို ရေနွေးငွေ့တွေ ရှူသွင်းပေးပါ။ ရေနွေးနွေးလေးနဲ့ ရေချိုးတာကလည်း အချွဲတွေကို ကျဲစေပါတယ်။

 

♦       စိုထိုင်းစပေးတဲ့စက်ကို သုံးပါ။

          ရေအေးအမှုန်လေးတွေက နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ ရေသန့်ဖို့တော့ လိုတာပေါ့။ နေ့တိုင်း စက်ထဲကရေတွေကို ထုတ်ပြီး လဲပေးပါ။ တစ်ပတ်တစ်ခါ ချွတ်ဆေးပျော့ပျော့ (သို့) ရှာလကာရည်နဲ့ စက်ကို သန့်စင်ပေးခြင်းအားဖြင့် မှိုနဲ့ ဘက်တီးရီးယားပိုးတွေ ကင်းဝေးစေပါတယ်။

 

♦       ရေကူးကန် သွားပြီးတော့ ရေကူးဖို့ မလောပါနဲ့ဦး။

          ရေကူးကန်တွေမှာ ခပ်တဲ့ ကလိုရင်းက နှာခေါင်းထဲကို ထိခိုက်စေနိုင်ပါတယ်။ နေပြန်ကောင်းပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်ပြီ၊ ရေကလည်း ကူးချင်နေပြီဆိုရင် နှာခေါင်းအုပ်သုံးပြီး ကူးပါ။

 

♦       နှာခေါင်းပေါက်တွေကို ရေဆေးပါ။

          နှာခေါင်းပေါက်အတွင်းထဲကို သန့်စင်တဲ့ရေနဲ့ ဆေးကြောပေးပါ။ ဆေးထိုးတဲ့အခါသုံးတဲ့ မိုးရေ (သို့) ပေါင်းခံရေ (သို့) ရေကျက်အေးကို သုံးနိုင်ပါတယ်။

 

♦       နှာခေါင်းကို ထိခိုက်စေမယ့်အရာတွေကို မရှူရှိုက်ပါနဲ့။

          ကိုယ်က နှာခေါင်းအတွင်းပိုင်းတွေကို ထိခိုက်စေဖို့မဟုတ်ဘဲ အတတ်နိုင်ဆုံး ချောမွေ့စေဖို့ဆိုတော့ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာတွေကို ရှောင်ပါ။ ပြီးတော့ လေထုညစ်ညမ်းမှုတွေ မြင့်မားနေရင် အိမ်တွင်းမှာပဲ နေပါ။ ဆေးလိပ် သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာက နောက်ထပ် နှာပိတ်၊ နှာရည်ယို၊ ထိပ်ကပ်နာတွေကို ပြန်ပြီးဖြစ်စေနိုင်ပါတယ်။

 

♦       လေ့ကျင့်ခန်းကို ချင့်ချင့်ချိန်ချိန် လုပ်ပါ။

          နှာပိတ်၊ နှာရည်ယို စတဲ့ နှာရောဂါတွေ ခံစားရတဲ့အခါမှာ ထိုင်းမှိုင်းပြီးတော့ ကိုယ့်ရဲ့ဟန်ချက်ကို မထိန်းနို်င်တာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ပြန်မကောင်းသေးရင် အလေး မတာမျိုး မလုပ်ပါနဲ့ဦး၊ ရင်ဘတ်မှာ ဖိထားသလို ခံစားရပြီဆိုရင် နေလို့ကောင်းတဲ့အထိ ထိုင်နေပါ။ အသက်ရှူရခက်ရင် နှလုံးကို ဝန်ပိစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)