ပင်လယ်စာကြိုက်သူများ သတိပြုရမယ့် မာကျူရီအဆိပ်သင့်ခြင်း
မာကျူရီအဆိပ် အများဆုံးပါဝင်တဲ့ အစားအစာက ပင်လယ်စာပါတဲ့။ ဒါ့အပြင် စက်ရုံတွေ၊ သာမိုမီတာတွေ၊ သွေးပေါင်ချိန်ကိရိယာတွေ၊ သွားပြုပြင်ကိရိယာတွေ၊ ဆေးမှုတ်တာ၊ သုတ်ဆေးတွေမှာလည်း မာကျူရီပမာဏတွေ မြင့်မားစွာ တည်ရှိပါဝင်နေပါတယ်။ အဲဒီထဲမှာ အန္တရာယ် အကြီးဆုံးကတော့ ပင်လယ်ငါးပုဇွန်တွေမှာ ပါဝင်နေလေ့ရှိတဲ့ မီသိုင်းမာကျူရီ အမျိုးအစားဖြစ်ပါတယ်။ မာကျူရီဟာ ပင်လယ်ရေမှာ မြင့်မားစွာ ပျော်ဝင်နေပြီး ရှင်သန်ကျက်စား ပေါက်ပွားနေတဲ့ ပင်လယ်သတ္တဝါ မျိုးရင်းတိုင်းကို အဆိပ်အပြင်းဆုံး မာကျူရီဓာတ် စိမ့်ဝင်နေစေပါတယ်။
ပုဇွန်ဆိတ်လိုမျိုး သေးကွေးတဲ့ ပင်လယ်သတ္တဝါတွေမှာ မာကျူရီ ပိုများများပါ ပါသတဲ့။
မာကျူရီဓာတ်ဟာ ပတ်ဝန်းကျင်က အရာဝတၳု အတော်များများမှာ ပါဝင်လျက်ရှိပါတယ်။ သဘာဝအတိုင်း ပါဝင်နေတဲ့ မာကျူရီဓာတ်ဟာ မိုးရေ၊ မြေကြီးနဲ့ သောက်သုံးရေထဲမှာ စိမ့်ဝင်နေပြီး ထိကပ်နီးစပ်နေတဲ့ အစားအစာနဲ့ အပင်များကို အဆိပ်သင့်စေပါတယ်။
>> မာကျူရီအဆိပ်သင့်တဲ့အခါ
● ဂဏှာမငြိမ် ဖြစ်မယ်
● စိတ်မတည်မငြိမ် ခံစားရမယ်
● ထုံတာ၊ ကျင်တာ
● မှတ်ဉာဏ် လျော့ပါးလာတာ
● စိတ်ဓာတ် ကျဆင်းတာ
● ခြေတုန်လက်တုန် ဖြစ်တာတွေ ခံစားရလေ့ ရှိပါတယ်။
မာကျူရီပမာဏက အနည်းအကျဉ်းဆို ဒုက္ခမပေးပေမယ့် ခန္ဓာကိုယ်ထဲမှာ ရေရှည်စုပုံလာတဲ့အခါ -
● ကြွက်သားတွေ အားပျော့လာတာ
● ပါးစပ်တွေ ခါးတာ
● ပျို့တာ၊ အန်တာ
● လှုပ်ရှားရတာ နှေးကွေးတာ
● မျက်လုံးဝေဝါးတာ အကြားအာရုံ ချို့တဲ့တာ
● အသက်ရှူကြပ်တာ
● လမ်းမလျှောက်နိုင်တော့တာတွေ ဖြစ်စေပါတယ်။
မာကျူရီပမာဏက ကလေးတွေကိုလည်း ဖွံ့ဖြိုးကြီးထွားမှုတွေမှာ များစွာထိခိုက်စေပါတယ်။ စကားပြောရ ခက်ခဲတာ၊ လက် ရွေ့လျားမှု မူမမှန်တာတွေ ဖြစ်စေပါတယ်။
မာကျူရီနဲ့ ရေရှည်ထိတွေလာသူတွေမှာ ကြာရှည်လာတဲ့အခါ အာရုံကြော ထိခိုက်ပျက်ပြားမှုတွေ ဖြစ်စေပါတယ်။
စဉ်းစားတွေးခေါ်တာတွေ ပျက်ပြားလာတာ၊ အလှုပ်အရှား မူမမှန်တာတွေအပြင် နှလုံးသွေးကြော ရောဂါနဲ့ နှလုံးကြွက်သား ပျက်စီးနိုင်ခြေကိုပါ မြင့်မားစေပါတယ်။
မာကျူရီ အဆိပ်သင့်တာရဲ့ အဆိုးဆုံးတစ်ခုကတော့ အမျိုးသား သုတ်ကောင်ပမာဏကို လျော့နည်းစေပြီး မျိူးပွားနိုင်စွမ်း၊ ကလေးရနိုင်စွမ်းကို တဖြည်းဖြည်း နည်းပါးလာစေတာ ဖြစ်ပါတယ်။
ဒါကြောင့် မာကျူရီ အဆိပ်သင့်တာကို တစ်စိတ်တစ်ပိုင်း ကာကွယ်လို့ရတာဆိုရင် ပင်လယ်စာ စားသုံးမှုကို သိသိသာသာ လျှော့ချဖို့ ဖြစ်ပါတယ်။ ကမ်းနားဒေသတွေမှာ နေထိုင်ပြီး နေ့စဉ် ပင်လယ်ငါးစားသုံးသူတွေ ရေရှည်မှာ အသက်ရလာတဲ့အခါ မာကျူရီအဆိပ်သင့်မှု လက္ခဏာတွေ အနည်းနဲ့အများ ပေါ်လာတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။
ကောင်းတဲ့အဆီ ပြည့်ဝနေပြီး အာဟာရပြည့်တဲ့ ပင်လယ်ငါးပုဇွန်တွေကိုလည်း ကြိုက်နှစ်သက်တိုင်း များများ မစားကြကြဖို့၊ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သာ စားသုံးဖို့၊ မိမိခန္ဓာကိုယ်တွင်း ဝင်ရောက်လာမယ့် မာကျူရီပမာဏကို တတ်နိုင်သလောက် ကာကွယ်ကြဖို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























