/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းနာရင်ကြပ်ရောဂါကို-ဘယ်လိုတွန်းလှန်ကြမလဲ

ပန်းနာရင်ကြပ်ရောဂါကို ဘယ်လိုတွန်းလှန်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ပန်းနာရင်ကြပ်ရောဂါရှိတဲ့သူတွေက ကိုယ့်နဲ့မတည့်တဲ့ ပန်းဝတ်မှုန်၊ မှို၊ ဖုန် စတဲ့အရာတွေ၊ အေးတဲ့ရာသီဥတုတွေဆိုရင် ပန်းနာရင်ကြပ် ထပြီးတော့ အရေးပေါ်ကုသမှု ခံယူကြရပါတယ်။ အထူးသဖြင့် ဆောင်းရာသီလိုမျိုး အေးတဲ့ရာသီတွေမှာ ရောဂါပိုထတတ်လို့ ဒီရာသီတွေမှာ ကိုယ့်ရဲ့ရောဂါလက္ခဏာတွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ပြီးတော့ ဒီအချက်လေးတွေကိုလည်း သတိထားဖို့ လိုပါတယ်။

1.    ကိုယ့်အတွက် ဆရာဝန်ညွှန်ထားတဲ့ ရှူဆေး (inhaler) ကို အနားမှာ အမြဲဆောင်ထားပါ။
    ပန်းနာရင်ကြပ်က မမျှော်လင့်တဲ့အချိန်မှာလည်း ရုတ်တရက်ကြီး ရောဂါထဖောက်နိုင်တဲ့အတွက် အမြဲပြင်ထားဖို့ လိုပါတယ်၊ ကိုယ့်ရဲ့ပန်းနာရင်ကြပ်ရောဂါက ကောင်းကောင်းထိန်းချုပ်နိုင်နေပြီ (သို့) ရောဂါမပေါ်တာ နည်းနည်းကြာပြီဆိုရင်တောင်မှ ကိုယ့်လက်လှမ်းမှီနိုင်မယ့်နေရာမှာ inhaler ကို အမြဲဆောင်ထားပါ။ ဒါမှအရေးပေါ်လာရင် ချက်ချင်းရှူလို့ရမှာပါ။

2.    စတီးရွိုက် ရှူဆေး (Steroid inhaler) ကို ဘယ်အချိန်မှာထည့်ရှူဖို့လိုလဲဆိုတာကိုသိဖို့လိုပါတယ်။
    ပန်းနာရင်ကြပ်လူနာတိုင်းမှာ ရောဂါထလာရင် ဘာလုပ်ရမယ်ဆိုတာကို ဆရာဝန်က ညွှန်ကြားထားတာ ရှိပါတယ်။ ရှူဆေးမှာ ကိုယ်အမြဲတမ်း ရှူရတဲ့ ရှူဆေး နဲ့ စတီးရွိုက် ရှူဆေး (Steroid inhaler) ဆိုပြီးရှိပါတယ်။ စတီးရွိုက် ရှူဆေး (Steroid inhaler) ကို ဘယ်အချိန်မှာ ရှူရမယ်ဆိုတာကို သိထားဖို့လည်း အရေးကြီးပါတယ်။

3.    တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။
    ပန်းနာရင်ကြပ်သမားတွေအနေနဲ့ တုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ထိုးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေနဲ့ လူကြီးတွေမှာ တုပ်ကွေးကြောင့် ဆေးရုံတက်ရတဲ့ အကြောင်းအရင်းထဲမှာ ပန်းနာရင်ကြပ်က အတွေ့ရအများဆုံးဖြစ်လို့ပါ။ တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ပန်းနာရင်ကြပ်ထတာ၊ အဆုတ်ရောင်တာတွေကို ကာကွယ်ပေးပြီးတော့ ဆေးရုံတက်ရတာကို လျော့ကျစေတဲ့အပြင် တခြားသူတွေကို တုပ်ကွေး ကူးတာကိုလည်း လျော့ကျစေပါတယ်။

4.    ဘယ်အချိန်မှာဆေးရုံ၊ ဆေးခန်းသွားပြဖို့ လိုပြီလဲဆိုတာကိုလည်း သိထားရပါမယ်။
    ပန်းနာရင်ကြပ်ထရင်ဘာလုပ်ရမယ်ဆိုတဲ့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး လုပ်ခဲ့ပေမယ့်လည်း ရောဂါလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ အသက်ရှူရင် တရွှီရွှီမြည်၊ ကိုယ်ပူ စတာတွေ ရှိနေသေးတယ် ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပြဖို့ လိုပါတယ်။ အသက်ရှူရခက်ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ မိုက်ခနဲဖြစ်ခြင်းစတဲ့ အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ခံစားရရင်တော့ နီးစပ်ရာဆေးရုံကို ချက်ချင်းသွားပြီး အရေးပေါ် ကုသမှုခံယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)