/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းပွားအကပြိုင်ပွဲမှာ-လူထောင်သောင်းနဲ့ချီပြီး

ပန်းပွားအကပြိုင်ပွဲမှာ လူထောင်သောင်းနဲ့ချီပြီး ပါးချိတ်ရောင်ရောဂါပိုး ထိတွေ့မိခဲ့သတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဒယ်လာပြည်နယ်မှာကျင်းပတဲ့ ပန်းပွားအကပြိုင်ပွဲမှာ ၃၉ပြည်နယ်၊ ၉နိုင်ငံကလူတွေ ပါးချိတ်ရောင်ရောဂါပိုး ထိတွေ့မှုကိုခံခဲ့ရပါသတဲ့။

          နိုင်ငံရပ်ခြားကနေ ဒီပြိုင်ပွဲကိုလာတဲ့လူတစ်ယောက်ဟာ ပါးချိတ်ရောင်နေခဲ့တယ်။ ဒါကို တက်ဆက်စ်ပြည်သူ့ကျန်းမာရေးဌာနက ချက်ချင်းသတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်။ ဒီပြိုင်ပွဲနဲ့ ဆက်နွယ်နေသူ ဘယ်တစ်ဦးတစ်ယောက်မှ ကူးစက်ခြင်းမခံရသေးဘူးလို့ သိရတယ်။ ပါးချိတ်ရောင် ကူးစက်နိုင်နှုန်း နည်းပေမယ့်လည်း ပါးချိတ်ရောင်ရောဂါ ဘယ်လောက်ဆိုးကြောင်း သိထားသင့်တယ်နော်။

          ပါးချိတ်ရောင်ရောဂါနဲ့ သိပ်မရင်းနှီးတာဟာ အရင်ရာစုနှစ်တစ်ဝက်လောက်အတွင်း ကာကွယ်ဆေးတွေ အသည်းအသန် လိုက်ထိုးခဲ့လို့ ဖြစ်နှုန်းနည်းသွားတာကြောင့်ပါ။

          ဒီတော့ ပါးချိတ်ရောင်ရောဂါဆိုတာ ဘာလဲအရင်ပြောမယ်နော်။

          ပါးချိတ်ရောင်ရောဂါဟာ နောက်ဆက်တွဲတွေ အများကြီး ဖြစ်နိုင်တယ်။

          ပါးချိတ်ရောင်ပိုးဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီးတော့ မျက်နှာနဲ့ လည်ပင်းမှာရှိတဲ့ တံတွေးဂလင်းတွေကို ဝင်တတ်တယ်။ နာတာ ကျင်တာ၊ မျိုရခက်တာ၊ ပါးကြီးရောင်နေတာတွေ ဖြစ်တတ်တယ်။ နုံးနေတာ၊ ဖျားတာ၊ ကြွက်သားတွေ နာတာတွေ ဖြစ်နိုင်တယ်။ တချို့တွေမှာဆိုရင် ဘာလက္ခဏာမှ မရှိတတ်ဘူး။

          အများစုမှာတော့ ပျောက်သွားတတ်ပေမယ့် နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်တယ်။ တစ်ခါတစ်လေ ဝှေးစေ့တွေ၊ သားဥအိမ်တွေရောင်တာနဲ့ ရှားရှားပါးပါး အကြားအာရုံချို့တဲ့တာ၊ ဦးနှောက်အမြှေးရောင်တာတွေဖြစ်ပြီး တက်တာ၊ လေဖြတ်တာနဲ့ အသက်ဆုံးရှုံးတာတွေအထိ ဖြစ်တတ်တယ်။

 

>>    အရမ်းကူးစက်လွယ်တယ်နော်။

          ချောင်းဆိုး၊ နှာချေတဲ့အခါ ထွက်တတ်တဲ့ တံတွေးတွေ၊ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်တွေကနေ ကူးစက်တတ်တယ်။ ခွက်တွေ၊ အသုံးအဆောင်တွေ မျှသုံးတာကလည်း ပိုးကူးစေတဲ့ အကြောင်းတစ်ချက်ပဲ။ အထူးသဖြင့် တစ်အိမ်ထဲ၊ တစ်ခန်းထဲ အတူနေသူတွေမှာ ပိုကူးစက်နိုင်တယ်။

          ပိုးနဲ့ထိတွေ့မိပြီ ၁၆ ရက်ကနေ ၁၈ ရက်နေ့အတွင်းမှာ ရောဂါလက္ခဏာတွေ စပေါ်လာတတ်တယ်။ ၂၅ ရက်လောက်အထိကို မပေါ်ဘဲ နေတတ်တယ်။ ပါးချိတ်မရောင်ခင် ၃ ရက်၊ ရောင်ပြီး ၅ ရက်လောက်အတွင်းမှာ ကူးစက်လွယ်တယ်။

          ရောဂါလက္ခဏာမရှိသူတွေမှာလည်း ဗိုင်းရပ်စ်ကို ကူးစက်စေနိုင်တယ်။ ဒါကြောင့်လည်း ရောဂါ ပြန့်လွယ်တာပေါ့။ ရောဂါလက္ခဏာ မပြခင်ကတည်းကကို ဗိုင်းရပ်စ်တွေ ကူးစက်နိုင်တယ်။

 

>>    ကာကွယ်ဆေးက ကာကွယ်နိုင်ပေမယ့် သေတော့ မသေချာဘူးနော်။

          ကလေးတွေမှာ ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးကို အသက် ၁၂ လကနေ ၁၅ လအတွင်းမှာ တစ်ကြိမ်၊ အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းမှာ တစ်ကြိမ် ထိုးပေးရတယ်။ အမေရိကန် ကလေးများအသင်းက ရောဂါထကြွချိန်မှာ ထိုးလေ့ရှိတဲ့ ၃ ကြိမ်မြောက် ထိုးဆေးကို ကလေးတွေရဲ့ ကာကွယ်ဆေးအစီအစဉ်မှာ ထည့်ထိုးသင့်တယ်လု့ိ ဆိုပါတယ်။

          ဆရာဝန်တွေကလည်း ကိုယ်ဝန်ဆောင်နဲ့ ခုခံအား မကောင်းသူတွေကလွဲလို့ ကျန်တဲ့ကလေးဘဝ ကာကွယ်ဆေး မထိုးရသေးတဲ့ လူကြီးတွေကို ကာကွယ်ဆေးထိုးသင့်ကြောင်း တိုက်တွန်းကြပါတယ်။

          တကယ်လို့ ထိုးပြီး၊ မပြီး မသေချာရင်၊ ၂ ကြိမ်လုံးလုံး မထိုးရသေးရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြေအနေကို သေချာရှင်းပြပါ။ ကာကွယ်ဆေးက ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် ကူးစက်နိုင်သေးတယ်နော်။ ကာကွယ်ဆေး ၂ ကြိမ်ထိုးခြင်းက ၈၈% လောက်တော့ ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။

 

>>    ရောဂါလက္ခဏာတွေ ရှိလာခဲ့ရင် အိမ်မှာနေပါ။

          ပါးချိတ်ရောင်လာသူပဲဖြစ်ဖြစ်၊ ပိုးဝင်တယ်လို့ သံသယရှိသူတွေပဲဖြစ်ဖြစ် အရောင်ကျသွားပြီး ၅ရက်လောက်အထိကို အိမ်မှာပဲနေသင့်တယ်။ မေမေဖေဖေတို့ပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် ပါးချိတ်ရောင်လက္ခဏာတွေဖြစ်လာရင် ဆရာဝန်ကို ပြသင့်တယ်။

          ရောဂါဖြစ်လာရင်တေ့ာ ကုထုံးမရှိဘူး။ အဖျားကျ၊ အနာသက်သာစေဖို့ အရောင်ကျဆေးတွေတော့ ပေးလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ပေါ်၊ မပေါ် စောင့်ကြည့်ပြီးတော့ ထပ်မဆိုးလာအောင် လိုတဲ့ကုသမှုတွေ ပေးဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)