ပါးတစ်ခြမ်း ရွဲ့သွားတဲ့အခါ
ညက အိပ်တုန်းက အကောင်း၊ မနက် နိုးတော့မှ ပါးတစ်ခြမ်း ရွဲ့သွားတာ ဆိုတာမျိုး ကြားဖူးကြလား၊ အဲဒါကို အရပ်ထဲမှာ လေဖြန်းတယ်လို့ ခေါ်ကြပါတယ်။ တကယ်လေဖြန်းတာ ဟုတ်ရဲ့လား။
တကယ်တော့ ဒီလိုအခြေအနေဟာ အာရုံကြော ရောင်တာကြောင့် မျက်နှာကြွက်သားတစ်ခြမ်း လှုပ်လို့မရတော့တဲ့ Bell's palsy ကြောင့် အဖြစ်များဆုံး ဖြစ်ပါတယ်။
မျက်နှာတစ်ခြမ်းလှုပ်လို့ မရတော့တဲ့ တခြားအခြေအနေတွေလည်း ရှိပါတယ်။ လေဖြတ်တာ၊ အလုံးအကြိတ်ဖြစ်တာ၊ နားထဲမှာ အနာဖြစ်တာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ Bell's palsy ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ရှာမတွေ့သေးပါဘူး။ တော်တော်များများကတော့ ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာလို့ လက်ခံထားကြပါတယ်။ ခန္ဓာကိုယ်က ကိုယ်ခံအားနည်းနေချိန်မှာ ဒီပိုးက ထကြွလာပြီး အာရုံကြောကို ရောင်စေတာပါ။
Bell's palsy ဖြစ်ရင် မျက်နှာတစ်ခြမ်းက ကြွက်သားတွေ အားနည်းပြီး လှုပ်လို့မရတော့ပါဘူး။ ပြီးရင် ချက်ချင်းဖြစ်တာပါ။ နဖူးနဲ့ မျက်နှာအောက်ပိုင်းတွေပါ ထိပါတယ်။ မျက်စိတစ်ဖက်မှိတ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ အရသာခံလို့ မရတာ၊ မျက်ရည်မထွက်တာမျိုးတွေလည်း တစ်ခါတလေ တွေ့ရတတ်ပါတယ်။
အရေးကြီးဆုံးက Bell's palsy လား၊ တခြားအကြောင်းအရင်းကြောင့် ဆိုတာလား ဆိုတာ ခွဲဖို့လိုပါတယ်။ လေဖြတ်တာဆိုရင် မျက်နှာအောက်ပိုင်းပဲ ထိတတ်ပါတယ်။ ဖြစ်ရင်လည်း ရုတ်တရက်ဖြစ်ပြီး ၆ ပတ်လောက် အတွင်းမှာ ပြန်ပျောက်ပါတယ်။ အကြာကြီး ဖြစ်နေတယ်၊ ခဏခဏ ဖြစ်တယ်ဆိုရင်တော့ အလုံးအကြိတ်တွေ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ Bell.s palsy ဟုတ်၊ မဟုတ်က တိတိကျကျ စစ်ဆေးလို့မရဘဲ တခြားရောဂါတွေ မဟုတ်မှသာ ဒါလို့ စဉ်းစားရတာမျိုး ဖြစ်လို့ အာရုံကြောအထူးကုနဲ့ ပြသဖို့ လိုပါတယ်။
Bell’s palsy ဖြစ်ရင် စတီးရွိုက်လို့ ခေါ်တဲ့ အရောင်ကျဆေးနဲ့ အဓိက ကုသရပါတယ်။ အာရုံကြောရောင်တာ ကျဖို့ရယ်၊ လက္ခဏာတွေ မြန်မြန် သက်သာဖို့ရယ်အတွက် သုံးကြပြီး ဆေးကို အချိန်ခဏပဲ ပေးတတ်ကြပါတယ်။ တစ်ခါတလေလည်း ဗိုင်းရပ်စ်အတွက် ဆေးတွေ ပေးတတ်ကြပါတယ်။ အရမ်းဆိုးရင်တော့ ခွဲစိတ်ပြီး အာရုံကြော ရောင်တာကို သက်သာအောင်လုပ်လို့ ရပါတယ်။ များသောအားဖြင့် မြန်မြန်ပြန်ကောင်းတတ်ကြပြီး လူနာ အနည်းငယ်ကတော့ တစ်သက်လုံး ဒီလက္ခဏာနဲ့ နေသွားကြရတတ်ပါတယ်။
Dr. Htar (www.drmyanmar.com)




























