ပိန်သွားတဲ့အခါ အသားအရေ လျော့တိလျော့ရဲ မဖြစ်စေဖို့ ...
သဘာ၀အတိုင်း ပိန်သွယ်လှပတာဟာ ဆုလာဘ်ကြီးတစ်ခုပါ။ ပိန်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြပြီးနောက် အကိတ်ခေတ်ကို ပြန်ရောက်လာပါတယ်။ ဝါးခြမ်းပြားလေးလို ပိန်ပျော့ဖတ်ပြီး လျော့တိလျော့ရဲ ဖြစ်နေမယ့်အစား ဆွဲဆောင်မှုရှိရှိနဲ့ ကျန်းမာစွာ ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်နေအောင် ဘယ်လိုလုပ်ရမလဲ?
● သိပ်မြန်မြန် ၀ိတ်မချချင်ပါနဲ့
အစားတွေ သိပ်ရှောင်လေ့ကျင့်ခန်းတွေ တပင်တပန်း လုပ်ပြီးတဲ့အခါ ၀ိတ်တော့ ကျသွားပါရဲ့။ အသားတွေက လျော့တိလျော့ရဲ၊ ဗိုက်ခေါက်က အဖတ်လိုက် တွဲလဲကြီး ကျန်နေပါတယ်။ ပိန်ဆေးတွေ၊ အဆီကျဆေးတွေ သောက်တဲ့အခါ ပိုကြည့်ရဆိုးပါတယ်။ ဒီတော့ ကျန်းမာစွာ ၀ိတ်ချမယ်ဆို တစ်ပတ်ကို နှစ်ပေါင်ခန့်ပဲ ရည်ရွယ်ထားပါ။ ဒီထက် မမြန်ချင်ပါနဲ့။
● အရေပြား တင်းရင်းအောင် ဘာစားရမလဲ?
အရေပြား တင်းရင်းစေဖို့ ဗီတာမင်အေ၊ စီ၊ အီး ပါ,ပါစေတဲ့။ အစိမ်းရင့်ရင့်အရွက်တွေ၊ ထိန်ထိန်ဝါတဲ့အသီးတွေ၊ အရည်ရွှမ်းပြီး လတ်ဆတ်ချိုမြတဲ့အသီးတွေ စားပါ။ သရက်သီး၊ လိမေ္မာ်သီး၊ ဖရဲသီး၊ မာလကာသီးနဲ့ စပျစ်သီးတွေမှာ အင်တီအောက်ဆီးဒင့်နဲ့ အသားတင်းရင်းစေတဲ့ဓာတ်တွေ သာလွန်ပြည့်၀နေတာမို့ အသီးစားပါလို့ တိုက်တွန်းပါရစေ။
● ဘာဆေး သောက်ရမလဲ?
အိုမီဂါ (3/6/9) Omega သောက်ပါလို့ ပြောပါရစေ။ ငါးကြီးဆီဟာ အရေပြားကို တင်းရင်းစိုပြေစေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း အထူးကာကွယ်ပါတယ်။ ဉာဏ်ကောင်းစေပြီး အသားအရေ ၀င်းလက်လှပလာစေမှာ အသေအချာမို့ ဖြည့်စွက်ဆေးဝါး သောက်မယ်ဆို အိုမီဂါဆေး သောက်ကြည့်ပါ။
● ဘိုင်အိုတင်နဲ့ အရေပြား ကျန်းမာရေး
Biotin ဓာတ်ဟာ ရေမှာ ပျော်၀င်တဲ့ ဗီတာမင်အမျိုးအစားဖြစ်ပြီး အရေပြားကျန်းမာဖို့ မရှိမဖြစ်ဓာတ်ပါ။ အရေပြား ယားနာ ရောင်ရမ်းနာတွေကို သက်သာစေပြီး အသားအရေကို ပြန်လည်ကျန်းမာလာစေမှာမို့ သောက်သင့်ပါတယ်။ ဆေးအနေနဲ့လည်း ၀ယ်လို့ရသလို စောစောကပြောတဲ့ အစိမ်းရောင်အရွက်တွေ သစ်သီးသစ်နှံတွေမှာ ပါ၀င်နေတာမို့ ယေဘုယျအားဖြင့် ပြောရရင် အသီးအနှံမှာ ပါ၀င်တဲ့ ဗီတာမင်တွေဟာ အသားအရေ တင်းရင်းစေဖို့ အဓိက ကျနေတတ်တာ မြင်ကြမှာပါ။
● လက်ဖက်စိမ်းရည် (Green Tea) ရဲ့ ကောင်းကျိုး
လက်ဖက်စိမ်းရည်မှာ အင်တီအောက်ဆီးဒင့် မြင့်မားစွာ ပါ၀င်တဲ့အပြင် ရောင်ရမ်း နာကျင်တာတွေကို လျော့ပါးသက်သာစေတာမို့ နေ့စဉ်သောက်သင့်ပါတယ်။ တံဆိပ်ကောင်းပြီး အရည်အသွေးပြည့်မီတဲ့ Green Tea ဖြစ်ဖို့တော့ လိုပါတယ်နော်။
● Gym က သင်တန်းဆရာနဲ့ အရင်တို်င်ပင်ပါ အစာနဲ့ လေ့ကျင့်ခန်း တွဲဖက်ပြီး ၀ိတ်ချပေးပါ
၀ိတ်ချတဲ့အခါ မိမိလုပ်မယ့်လေ့ကျင့်ခန်းကို မှန်ကန်တဲ့ပုံစံဖြစ်ဖို့ ကြွက်သားတက်ပြီး အသားကျစ်လျစ်လာစေဖို့အတွက် တတ်ကျွမ်းတဲ့နည်းပြဆရာနဲ့ တိုင်ပင်ပြီး အတိအကျ လိုက်နာလုပ်ဆောင်ဖို့ အကြံပြုပါရစေ။
ဒီတော့ ၀ိတ်ချနေကတည်းက ဒါလေးတွေ ဂရုတစိုက် ရှိခဲ့မယ်ဆို အရေပြား လျော့တိလျာ့ရဲ ဖြစ်တာကို တတ်နိုင်သလောက် ကာကွယ်နိုင်မှာပါ။ နောက်ဆုံး အရေပြား လျော့ရဲတာ သိပ်ဆိုးရင် ခွဲစိတ်ပြုပြင်တဲ့ နည်းလည်း ရှိသေးပေမယ့် ငွေအရမ်းကုန်ပြီး အန္တရာယ်များတာမို့ နောက်ဆုံးမှ စဉ်းစားပါလို့ ပြောပါရစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























